09 May, 2009

အကုန်လုံးတပြေးညီ တဲ့

အားလုံးကို တပြေးညီအုပ်ချုပ်မယ်ဆိုရင် တော်တော်များများက ၀မ်းသာကြတယ်။ ကျွန်တော်ကတော့ စိတ်တော်တော်ပူပါတယ်။ တပြေးညီဆိုတာ နားထောင်လို့တာကောင်းတာ။ တော်တော်အလုပ်မဖြစ်တဲ့ ကိစ္စလို့ခံယူထားလို့ပါ။ အခုနောက်ပိုင်း လုပ်ပိုင်ခွင့်ရှိသူတွေ ကျင့်သုံးတဲ့ အုပ်ချုပ်ပုံ နှစ်မျိုးရှိပါတယ်။

(၁) ကိုယ်လူကိုသာစေ၊ သူ့လူကိုနာစေ အုပ်ချုပ်ပုံ နဲ့

(၂) တပြေးညီ အုပ်ချုပ်ပုံ တို့ဖြစ်ပါတယ်။

ပုံစံ (၁) ကသိသာမြင်သာထင်သာပါတယ်။ ပုံစံ(၂) ကတော့ ကြက်သားတစ်ပိသာ ၅ ကျပ်။ ၀က်သားတစ်ပိသာ ၅ ကျပ်။ အမဲသားလည်း ၅ ကျပ်။ ပုံစံပါပဲ။ အလည်သွားမယ့်လူလည်း ခွင့်မရ၊အမေသေလို့ ပြန်ချင်သူလည်း ခွင့်မရ၊ တော်တော်စိတ်လေဖို့ကောင်းတဲ့ ပုံစံပါ။ တွေ့ရခဲပြီး တကယ်အလုပ်ဖြစ်တာကတော့ ဒါကတော့ကြက်သားမို့လို့ ၅ ကျပ်၊ ၀က်သားကတော့ ၄ ကျပ်၊ အမဲသားဆိုတော့ ၃ ကျပ်၊ အဲဒီလိုပုံစံပါ။ မင်းကတော့အလည်သွားဖို့ဆိုတော့ ခွင့်မပေးနိုင်သေးဘူး။ သူကတော့ အမေသေတာဆိုတော့ ခွင့်ရမယ်။ အကျိုးသင့် အကြောင်းသင့်လေး တွေနဲ့ မကောင်းဘူးလားဗျာ။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ ခေါင်းခံသင့်တာတွေကို ခေါင်းခံဖြေရှင်းဖို့ လိုပါတယ်။ နေရာတကာတပြေးညီဆိုတဲ့ ပေတံနဲ့တိုင်းပြီး ဖြတ်ချလို့မရပါဘူး။

တပြေးညီဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားတစ်ပုဒ်နာဖူးတယ်။ လယ်တီဆရာတော်ဘုရား ထင်တာပဲ။ ဘွဲ့ကဦးဝိမလ လားမသိဘူး။ မှားရင် ပြင်ပေးကြပါဦး။ သံကွင်းစွတ်တရားတဲ့။ စကားသံနဲ့ ပြောရမယ်ဆိုရင် သံဂွင်းစွတ်တရား ပေါ့ဗျာ။ အားလုံးလည်း နာဖူးကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်မှတ်မိသလောက် ဖောက်သည်ပြန်ချပါရစေ။

ညီအကိုနှစ်ယောက် ကိုယ့်ဌာနေက ထွက်လာကြပြီး နေထိုင်ဖို့ တိုင်းပြည်ရွေးကြတာက စပါတယ်။ ရှာကြရင်း ရွေးကြရင်းနဲ့ တိုင်းပြည်တစ်ပြည်ကို ရောက်သွားကြတယ်ပဲ ဆိုကြပါစို့ရဲ့။ တိုင်းပြည်ရဲ့ အရောင်းအ၀ယ်ပုံစံ ကိုစုံစမ်းကြည့်တော့ ချိန်ခွင်နဲ့ ချိန်ရောင်းတဲ့ ပစ္စည်းမှန်သမျှ တစ်ပိသာ တစ်ကျပ် ပါတဲ့။ ညီဖြစ်တဲ့သူက အလွန်ပျော်သွားတယ်။ ဟားကောင်းလိုက်တာ နေကြရအောင် အကိုကြီးပေါ့။ အကိုဖြစ်တဲ့သူကတော်တော် ထိတ်လန့်သွားတယ်။ တရားစီရင်ပုံဘယ်လိုလဲလို့ စုံစမ်းကြတော့ ဘယ်ပြစ်မှု့ကျူးလွန်ကျူးလွန် သေဒဏ် တဲ့။ ဒါနဲ့ပဲ အကိုဖြစ်သူက ညီကိုပြောတာပေါ့။ ဒီလိုနေရာမျိုးမှာ မနေသင့်ဘူးကွာ။ သွားကြရအောင်။ ဒီလိုနေရာမျိုးမှာနေရင် အပြစ်မရှိသူတွေ အပြစ်ဒဏ်ခံရတတ်ကွ။ ညီဖြစ်သူကတော့ သိပ်မစဉ်းစားတော့ဘူး။ ၁ ပိသာ ၁ကျပ်ကိစ္စနဲ့တင် တော်တော်ကြိုက်နေပြီဆိုတော့ ဘယ်လိုမှခေါ်လို့မရတော့ဘူး။ ညီကိုချစ်ရှာတဲ့အကိုက ဒီလိုဆိုရင်လည်း သတိဝီရိယနဲ့ နေကြတာပေါ့ကွာ ဆိုပြီးညီဖြစ်သူရဲ့ဆန္ဒကို လိုက်လျောရှာတယ်တဲ့ မောင်လေး ညီမလေးတို့ရေ။ အဲလေ ဟုတ်ပါဘူး။ ညီရဲ့ဆန္ဒအတိုင်းအဲဒီတိုင်းပြည်မှာပဲ နေဖြစ်သွားတယ်ပေါ့ဗျာ။

တစ်ရက်မှာတော့ …

သူခိုးနှစ်ယောက်က သူဌေးရဲ့တိုက်ထဲဝင်ခိုးဖို့ တိုက်ကိုဖောက်ကြတယ်တဲ့။ ဖောက်ကြရင်းအခန့်မသင့်တော့ အုတ်နံရံကပြိုကျပြီး သူခိုးတစ်ယောက်နံရံပိလို့သေပါလေရော။ အဲဒီမှာ ကျန်တဲ့သူခိုးတစ်ယောက်က စဉ်းစားတယ်။ ငါတို့မှာမရှိလို့လည်းခိုးစားရသေး၊ အခုဟိုကောင်အုတ်ပိလို့သေပါရောလား။ အုတ်ပိတာ ဆိုတော့ ပန်းရံ အုတ်စီပုံအချိုးမကျလို့။ ငါမခံဘူး၊ ဘုရင်ကိုတိုင်မယ်ဆိုပြီး တိုင်ချက်ဖွင့်တယ်။ ဘုရင်ကလည်း ဟုတ်တာပဲ ပန်းရံတွေအပြစ်ရှိတာပေါ့။ ပန်းရံဆရာခေါင်းဆောင်ဖမ်းဆိုတော့ မူးကြီးမတ်ကြီးတွေက ရှာဖမ်းကြရရှာတယ်။

ပန်းရံဆရာခေါင်းဆောင်ကလည်း ဒီဘုရင်နဲ့တော့ ငါသေတော့မှာပဲ ဆိုပြီး အကြံထုတ်တာပေါ့။ ကျွန်တော်မျိုးက ခေါင်းဆောင်ဆိုတော့ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားပဲပြောတာ။ တကယ်လုပ်တာက အုတ်စီတဲ့ကောင်တွေ ပါဘုရားလို့လျှောက်တင်သတဲ့။ ဘုရင်ကဟုတ်ပေသားပဲ။ အုတ်စီတဲ့ကောင်ဖမ်းခဲ့ပေါ့။ အုတ်စီတဲ့ကောင်က လည်း ကျွန်တော်မျိုးအုတ်စီတာတော့ဟုတ်ပါတယ်။ ဒါပေမယ့် မဆလာဖျော်ပေးတဲ့ ကောင်ကပေးတဲ့ မဆလာနဲ့စီရတာ။ ဒါကမဆလာမကောင်းလို့ဖြစ်ရတာပါ ဘုရားလို့ဆိုပြီး ဘုရင်ကိုဘတ်သတဲ့။ မဆလာဖျော်တဲ့ကောင်ကလည်း ရေထည့်တဲ့ကောင် ရေတွေအများကြီး လောင်းချလို့ ဖြစ်ရပါတယ်ပေါ့ဗျာ။ ရေထည့်တဲ့ကောင်က ကျွန်တော်မျိုး အဲဒီနေ့ကရေထည့်နေတုန်း မြင်းလှည်းတစ်စီးက ၀င်တိုက်လို့ ရေများသွားတယ်လို့ လျှောက်ပါတယ်။ မြင်းလှည်းဆရာဖမ်းလာတော့ အဲဒီနေ့က မြင်းလှည်းပေါ်မှာ ဘုရင့်သမီးတော်ပါလာကြောင်း သမီးတော်လက်မှာဝတ်ထားတဲ့ ရွှေလက်ကောက်တွေက တချွင်ချွင်နဲ့ဆိုတော့ မြင်းကလန့်ပြေးတာပါလို့ ဆိုတာပေါ့။

ဘုရင်လည်းအဲဒီမှာပဲ ဒုက္ခရောက်တော့တာပဲ။ သမီးတော်တော့ တရားခံဖြစ်နေရှာပြီ ဒုက္ခပဲ စဉ်းစားစမ်း ဆိုပြီးအကြံထုတ်လိုက်တော့ ...

နေကြဦး … ခုနကပြောတဲ့စကားထဲမှာ ရွှေလက်ကောက်ဆိုတာပါတယ်လေ။ ရွှေလက်ကောက်လုပ်တဲ့ ပန်းတိမ်ဆရာဖမ်း ဘာမှမေးမနေနဲ့ လည်ပင်းသံကွင်းစွတ်ပြီး ကြိုးစင်တင်စေလို့အမိန်တော်ချသတဲ့။ မူးမတ်တွေလည်း ပန်းတိမ်ဆရာကိုဖမ်းပြီး ကြိုးစင်တင်လိုက်တာ လည်ပင်းကသေးပြီး သံကွင်းကကြီးနေလို့ ချောင်ပြီး ကြိုးစင်တင်တာအဆင်မပြေဖြစ်နေလို့ ဘုရင့်ဆီသွားပြန်လျှောက်ကြတာပေါ့။ ဘုရင်လည်းစိတ်တော်တော်လေသွားရှာတယ်။ မပြီးသေးဘူးလားကွာဒီအမှု။ ငါတောင်ရူးချင်နှမ်းချင်ဖြစ်လာပြီ။ ဒီအမှုကိုဘယ်လို အဆုံးသတ်ရမလဲ စဉ်းစားပြီး အမိန့်တော်တစ်ခုချတာပေါ့။ ပန်းတိမ်ဆရာရဲ့လည်ပင်းက သံကွင်းနဲ့မတော်ဘူးဆိုတော့ လည်ပင်းနဲ့သံကွင်းတော်တဲ့သူဖမ်းပြီး ကြိုးစင်တင်စေ တဲ့။

အမတ်ကြီးတွေလည်း လူစည်ကားရာနေရာဘယ်နေရာရှိမလဲစဉ်းစားလိုက်တော့ နှစ်လုံးဖွင့်တဲ့အချိန် နေ့လည် ၁၂ နာရီခွဲလောက် စလောင်းပြတဲ့လက်ဖက်ရည်ဆိုင်တွေကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဟုတ်ပါဘူး။ အခုအချိန်နဲ့မှားသွားလို့။ လူစည်ကားရာ ဈေးတွေလှည့်ပြီး သံကွင်းကြီးတစ်ကွင်းနဲ့ ဟိုလူ့လည်ပင်း စွတ်ကြည့်လိုက်။ ဒီလူ့လည်ပင်းစွတ်ကြည့်လိုက်နဲ့ပေါ့ဗျာ။ လူတွေကလည်း ဘာဖြစ်လို့စွတ်မှန်းမသိ။ အမတ်ကြီး ကျွန်တော့်လည်ပင်းစွတ်ကြည့်ပါဦးခင်ဗျ။ ကျွန်တော့်လည်ပင်းလည်းစွတ်ကြည့်ပါဦးခင်ဗျ ဆိုပြီး အလုအယက်အစွတ်ခံကြတယ်တဲ့။ ပြသနာကအဲဒီမှာစတာပဲ။ ညီအကိုနှစ်ယောက်ထဲက ညီရဲ့လည်ပင်းနဲ့ သံကွင်းကကွက်တိတော်နေပါရော။ အမတ်ကြီးတွေက ညီကိုဖမ်းတော့တာပေါ့။ ဘာဖြစ်လို့ဖမ်းရတာလည်း မေးတော့ အပြစ်ရှိလို့တဲ့။ ဘာအပြစ်လည်းဆိုတော့ လည်ပင်းနဲ့သံကွင်းတော်တဲ့အပြစ်တဲ့။ ညီဖြစ်သူက တော်တော်ကြောက်နေပါပြီ။ အကိုလုပ်သူက အကြံထုတ်တော့တာပေါ့။ ငါ့ညီ အသာနေ။ အဲဒီဘုရင်ကို ငါဘတ်ပြမယ်။ မင်းကအသာလေး ဖောလို(Follow) လိုက် ဆိုပြီး ဘုရင့်ဆီလိုက်သွားကြတယ်။

ဘုရင့်ရှေ့ရောက်တော့ အကိုလုပ်သူက ခဏနေပါဦးဘုရားဆိုပြီး ညီလည်ပင်းကသံကွင်းကိုဖြုတ်၊ သူ့လည်ပင်းမှာစွတ်ပြတယ်။ ဒီမှာကြည့် ကျွန်တော်မျိုးနဲ့လည်းတော်ပါတယ်။ ကျွန်တော်မျိုးကို အမြန်ကြိုးစင်တင်ပါလို့ဆိုတာပေါ့။ ညီကလည်း ကျွန်တော်မျိုးနဲ့ အရင်တော်တာ ကျွန်တော်မျိုးကိုပဲ ကြိုးစင်တင်ပါလို့ အလုအယက်ဆိုသတဲ့။ ညီအကိုနှစ်ယောက်သံကွင်းကို နင်းကန်လုနေတော့ ဘုရင်က ဟိတ်ကောင်တွေ နေကြဦး။ လူဆိုတာသေရမှာကြောက်ကြတာပဲ။ မင်းတို့မှာ အကြံအစည်ရှိရမယ် ပြောစမ်းဆိုပြီး မေးတော့တာပေါ့။ အကိုဖြစ်သူကတော့ ဘာမှမေးမနေပါနဲ့ဘုရား အမြန်သာကြိုးစင်တင်ပါလို့ ဆိုသတဲ့။ ဘုရင်က ရမလားကွ။ မင်းတို့ဘာသိထားလဲ အမြန်လျှောက်တင်စမ်း။

ဒီတော့မှ အကိုဖြစ်သူက … ဒီလိုရှိပါတယ်ဘုရား။ ဒီနေ့ဟာနက္ခတ်တွေက စုံစုံလင်လင်နဲ့ ဒီအချိန်မှာ လည်ပင်းသံကွင်းစွတ်ပြီး သေရင် နတ်ပြည်မှာသိကြားမင်းဖြစ်မယ်လို့ အဆိုရှိပါတယ် ဘုရားလို့ လျှောက်သတဲ့။

ဘုရင်က … ဟိတ်ကောင်တွေတွေ့လား။
ငါမေးနိုင်လွန်းလို့သိရတာ။
ဒီလိုရမလားကွ။
ငါကဘုရင်ပဲ သိကြားမင်းဖြစ်ချင်းဖြစ် ငါဖြစ်ရမှာပေါ့။
 ပေးသံကွင်း၊ စွတ်ငါ့လည်ပင်းဆိုပြီး ကြိုးစင်တက်သွား၊ အမတ်ကြီးတွေကလည်းဒေါက်ဖြုတ်ပေးလိုက်ကြတာ ဘုရင်လည်းကံတော်ကုန်သွားရှာသတဲ့ဗျာ။

တရားကတော့ ဒီမှာပဲပြီးပါပြီ။ ကျွန်တော်နာခဲ့ရတာ ကက်ဆက်တိတ်ခွေခေတ်တုန်းကပါ။ အဲဒီခွေလည်း ပျောက်နေပါပြီ။ ဒီတရားကို Digital ပြောင်းပြီးသားရှိရင် လိုချင်တယ်ဗျာ။ တပြေးညီရအောင်က တခြားဟာတွေအသာထား ကိုယ့်လက်ကလက်ချောင်းလေးတွေတောင် တစ်ချောင်းနဲ့တစ်ချောင်း အရှည်တူတာမှ မဟုတ်တာဗျာ။ မဟုတ်ဘူးလား။

ကျွန်တော်ကတော့ တပြေးညီလို့ပြောလာရင် သံကွင်းကြီးပဲမျက်စိထဲမြင်နေပါကြောင်း။