တကမ္ဘာလုံးမှာ အများစုက သင်္ချာရိုက်ရန် Latex ကိုအသုံးပြုပါတယ်။ Latex ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ သင်္ချာရိုက်ရန်လည်း အင်မတန် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Latex နဲ့ သင်္ချာ Thesis ကို မရိုက်ဖို့ တရားဝင် တားဆီးခြင်း ခံခဲ့ရဖူးပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်တဲ့အကြောင်း အစွမ်းကုန် ငြင်းပါတယ်။ ကျွန်တော့်ဖက်က ရပ်တည်ပေးကြတဲ့ မုံရွာတက္ကသိုလ် ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာဇော်မြင့်၊ မန္တလေးတက္ကသိုလ်က ပါမောက္ခ ဆရာမကြီး ဒေါက်တာဥမ္မာ တို့ကို အထူး ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိမိ နှစ်သက်ရာသုံး ရိုက်နိုင်သည်ဟု ဆုံးဖြတ်ပေးခဲ့သော မန္တလေးတက္ကသိုလ်က ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာသက်ခိုင် ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပါ။
ပြဿနာအစမှာ Thesis ရိုက်လျှင် Microsoft Word နှင့်ရိုက်ပါဟု စတင်ပြောဆိုချိန်က စပါသည်။ ကျွန်တော်ကတော့ Microsoft Word အခမဲ့ Software မဟုတ်ကြောင်း သာမာန်စာစီစာရိုက်အတွက် အသုံးဝင်သော်လည်း သင်္ချာရိုက်ဖို့ အဆင်မပြေလှကြောင်း၊ နောက် မိမိတို့သည် Microsoft ၏ ကြော်ငြာ ကိုယ်စားလှယ်များမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။ ဆရာကြီးတဦးက Wordသည်ကွန်ပျူတာ ဝယ်လျှင် တခါတည်းပါလာမည်ဖြစ်ကြောင်း သူ့အမြင်ကို ပြောဆိုပါတယ်။
နောက်ဆုံး အနှစ်ချုပ်ရမည်ဆိုပါက အဓိကပြဿနာမှာ ကွန်ပျူတာစဝယ်ကတည်းက ပါလာသော Softwareများသည် အလကားရသော Software များဟု ထင်နေကြသောကြောင့်လည်းဖြစ်ပါသည်။