26 July, 2016

မိသားစုလိုက် ပိုကီမွန် ဖမ်းထွက်ခြင်း

ပိုကီမွန်ဂိမ်းကို ၂၀၀၆ ခုနှစ်လောက်တုန်းက PC ပေါ်မှာ ကစားခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ တပည့်နှစ်ယောက်၊ တယောက်က လူဆိုးဖြစ်သွားပြီး ကိုယ်က အဲဒီလူဆိုးကို ပြန်ရှာရတဲ့ ကျောရိုးပါ။ ပိုကီမွန်တွေဖမ်း၊ ကြီးအောင်မွေး၊ တခြားပိုကီမွန်တွေနဲ့တိုက်၊ ပါဝါတွေတက်။

အဲဒီတုန်းက ပြီးအောင် မဆော့လိုက်ရဘူးဗျ၊ မှတ်မိသလောက်ဆိုရင် ဂူထဲဝင်ပြီး ကျောက်နဂါးလို ပိုကီမွန်ကြီးနဲ့ တိုက်အပြီး ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ လမ်းပျောက်သွားလို့ဗျ။ ပိုကီမွန်နဲ့ အဲဒီလို ပတ်သက်ခဲ့ဖူးတော့ ပိုကီမွန်သံကြားရင် ခေါင်းထောင်ကြည့်ဖြစ်ပါတယ်။

အခုပြီးခဲ့တဲ့အပတ်က Pokemon Go ဆိုတဲ့ ဂိမ်းထွက်ပါတယ်။ App Store ကဆိုရင် တပတ်အတွင်း ဒေါင်းလုပ်ဆွဲတဲ့သူအများဆုံးဂိမ်းလို့ ဆိုပါတယ်။
ဂိမ်းကစားရင်း ကားနဲ့တိုက်မိတာတို့ လှေကားပေါ်က ပြုတ်ကျတာတို့ သတင်းတွေလည်း ဖတ်ရပါတယ်။ ဂိမ်းကစားတာ ဘယ်လိုလုပ်ပြီး ကားတိုက်ခံရတာလည်း မေးစရာရှိလာပါတယ်။

ကျွန်တော်တို့တတွေ ဆော့ခဲ့ဖူးတဲ့ ဂိမ်းတွေက ထိုင်ဆော့ရတဲ့ဂိမ်းတွေပါ။ အခု Pokemon Go ဂိမ်းက လမ်းလျှောက်ရတဲ့ဂိမ်းပါ။ အပြင်ထွက် လမ်းလျှောက်။ internet ဖွင့်ထား ။ gps ဖွင့်ထား။ gps ကတဆင့်
ကိုယ့်ပတ်ဝန်းကျင်ကလမ်းတွေအတိုင်း  ဂိမ်းထဲမှာပေါ်ပါတယ်။ အဲဒီမှာ game server က ပိုကီမွန်တွေ ဖန်တီးပေးပါတယ်။ ကိုယ်ကလမ်းလျှောက်၊ ပိုကီမွန်ရှိတဲ့နေရာသွား၊ ဖမ်း။ အဲဒီလိုဆော့ရတဲ့ဂိမ်းပါ။

ဖုန်းကိုမကြည့်ဘဲနဲ့ ပိုကီမွန်နားနီးလာရင် အချက်ပေးအောင် လုပ်ထားလို့လည်းရပါတယ်။ ဒါပေမယ့် ဆော့တဲ့သူအများစုက ဖုန်းကိုပဲ ကြည့်ဆော့တာ များတယ်လို့သိရပါတယ်။ တမူထူးခြားတာက ဒီဂိမ်းဟာ လမ်းလျှောက်ခိုင်းတဲ့ဂိမ်းဖြစ်ပါတယ်။

ဆိုတော့ ကျွန်တော်လည်း ဒေါင်းလုပ်ဆွဲပြီပေါ့ဗျာ။ App Store ကလည်းဆွဲ၊ Android အတွက်က အင်တာနက်ကနေရှာဒေါင်း။ App Store ကဆွဲတဲ့ဟာက အရင်ရပါတယ်။ ဂိမ်းကို စိတ်လှုပ်ရှားစွာနဲ့ပဲ ဖွင့်လိုက်ပါတယ်။
သူပြောတာတွေ ခဏနားထောင်အပြီးမှာတော့ ပထမဆုံး ပိုကီမွန်ကိုဖမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အပြင်ဝရန်တာဖက်ထွက်လိုက်တယ်ဆိုရင်ပဲ တိုင်ထောင့်မှာ ပိုကီမွန် တကောင်တွေ့ပါတယ်။ Ball နဲ့ပစ်ဖမ်း။ ပထမဆုံးပစ်တာဆိုတော့ ဘယ်လိုပစ်ရမှာမှန်းမသိတော့ မမိသေးပါဘူး။ ငါးခါလောက် ပစ်ပြီးသကာလ အဲဒီ ပိုကီမွန်ကို မိပါတယ်။ ခဏနေတော့ Android အတွက် ဒေါင်းထားတာတွေကလည်း ရတော့ install လုပ်ပြီးဖမ်း။

သမီးကြီးကလည်းဖမ်း။

သမီးငယ်ကလည်းဖမ်း။

တယောက်ကိုပိုကီမွန်တကောင်စီ မိထားကြပါပြီ။ ပြဿနာက နောက်ကောင်ကို ဘယ်လိုဆက်ဖမ်းရမှန်းမသိတာဘဲဗျ။
လမ်းလျှောက်ရင်းရှာဆိုတာသိထားတော့ သူပြနေတဲ့နေရာကိုမှန်းပြီးလမ်းလျှောက်ပါတယ်။ သမီးငယ်ကအဖော်လုပ်ပြီးလိုက်ပေးတယ်ဗျ။ ဒါပေမယ့်ပြတဲ့နေရာက နည်းနည်းဝေးနေသလိုပဲ။ ဒါနဲ့ပဲအိမ်ပြန်လျှောက်။ အိမ်ရောက်တော့ ပိုကီမွန်သွားဖမ်းကြမယ်ဟေ့ ဆိုပြီး တမိသားစုလုံး တက်ကြွစွာ ကားနဲ့ ချီတက်ကြပါတယ်။
ကျွန်တော်နေတာက ဗိဿနိုးဆောင်။ သူပြနေတာက မကွေးတက္ကသိုလ် ပါချုပ်ရုံးခန်းဟောင်းဖက်ဗျ။ ကျွန်တော်တို့ ပါချုပ်ရုံးခန်းဟောင်းနားရောက်သွားတော့ သူပြတာက လမ်းငါးသွယ်အဝိုင်းနား။ အဝိုင်းနားရောက်တော့ ကမ်းနားဖက်။ ကမ်းနားရောက်တော့ မင်းဘူးဖက် ပြပါရော။ ဒါနဲ့ပဲ ဒါတော့ မဟုတ်သေးပါဘူးဆိုပြီး မကျေမနပ်နဲ့ အိမ်ပြန်ခဲ့ကြပါတယ်။

အိမ်ရောက်တော့ အင်တာနက်ဖွင့် ရှာဖတ်လိုက်တော့ ဖြစ်မှဖြစ်ရလေဗျာ။
အဲဒီဂိမ်းဆော့လို့ရတဲ့ နိုင်ငံစာရင်းထဲမှာ ကျွန်တော်တို့နိုင်ငံမပါသေးဘူးဗျ။
၂၃-၇-၂၀၁၆ ပိုကီမွန်သွားဖမ်းခြင်း မှတ်မှတ်ရရ

21 January, 2016

ကျေနပ်တယ်

မနေ့က ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်း စတင်တဲ့နေ့

မန္တလေးမှာ ဆန္ဒပြ တယ်။

မကွေးမှာ ည ဆီမီးထွန်းတယ်။

အဲဒီ နှစ် မြို့ ကို ဂုဏ်ပြုု  တယ်ဗျာ။ ဂုဏ်ယူ  တယ်။

ဒါပဲ။