27 March, 2009

အချိန်ကျပြီ

တစ်နှစ်တာလက်တွဲပြီး Research အတူတကွလုပ်ခဲ့ကြတဲ့သူတွေ မနက်ဖြန် Defend ထိုင်ကြရတော့မယ်။ မနက်ဖြန်ဆိုပေမယ့် အခုတောင် ၁ နာရီကျော်ပြီဆိုတော့ ဒီနေ့လို့ပဲသုံးရမယ် ထင်တယ်။ ခိုင်းသမျှတွေကို သူတို့တတ်နိုင်သလောက် ကြိုးစားလုပ်ခဲ့ကြပြီး ကျွန်တော်ရဲ့အိမ်ကိစ္စတွေ ပါတတ်နိုင်သလောက် ဝိုင်းကူခဲ့ကြတဲ့ သူတို့ကိုကျေးဇူးအထူးတင်တယ်ကြောင်း ဒီနေရာကနေ ပြောလိုက်ချင်ပါတယ်။ သူတို့ရှေ့ဆက်လျှောက် လှမ်းမယ့်ခရီးအတွက် လိုတာရှိရင်တတ်နိုင်သလောက် ဝိုင်းကူဖို့အသင့်ပါပဲ။
၁ နာရီလောက်က ဆရာDr.ဦးအောင်ကျော် နဲ့ contact ရတယ်။ အောင်လံကထွက်လာပြီတဲ့။
၃ နာရီ ခွဲပြီဆိုတော့ ကိုအောင်မင်း နဲ့ ကိုထန် တို့ ဆရာမကြီးဒေါ်လှသိန်းကို ခေါ်ဖို့သွားကြပြီ။
၅ နာရီ Dr. အောင်ကျော်ရောက်ပြီလို့ ဖုန်းဆက်လို့ အပြေးသွားကြိုခဲ့ရပါတယ်။ မရောက်လောက်သေးဘူး မှတ်နေတာ။ အိမ်မှာ ကိုယ်လက်သန့်စင်ကြပြီး မြသလွန်စေတီတော်မြတ်ကြီးဆီ လိုက်ပို့လိုက်ပါတယ်။ ဆရာမကြီးက ရ နာရီလောက်မှာရောက်တယ်။
အဖွဲ့လိုက်မုန့်စားတာလိုက်သွားလို့ ၁၀ နာရီလောက်မှ မဟာသုတေသနကျမ်း ခုခံပွဲ စခဲ့ရတယ်။ မကွေးမှာလုပ်တဲ့ ပုံစံ တစ်ခါမှမကြုံဖူးဘူးဗျာ။ တော်တော်စိတ်လေဖို့ ကောင်းတယ်။ ကျမ်းခုခံပွဲဆိုတာ စာမေးပွဲစစ်တာလို့ မသိကြဘူးထင်တယ်ဗျာ။ နောက်မှအဲဒီအကြောင်း အသေးစိတ် ရေးဦးမယ်။ ၁၁ နာရီခွဲလောက်မှပြီးသွားတယ်။ ပြီးတာနဲ့ထမင်းစားကြ၊ မူလကစီစဉ်ထားတဲ့အတိုင်း ရွှေစက်တော် သို့ချီတက်ခဲ့ကြပါတယ်။

မန်းရွှေစက်တော်သို့
အကုန်လုံးကသွားဖို့ တက်ကြွနေကြတယ်။ ဒီထဲမှာသမီးကြီးကအတက်ကြွဆုံး။ တပတ်လောက်လိုကတည်းက သူ့ပစ္စည်းသူထည့်ပြီးနေပြီလေ။ လူကြီးတွေကကိုယ့်အလုပ်နဲ့ကို ရှုပ်နေတော့ ဘယ်လိုလုပ်ပြင်ဆင်ချိန်ရမှာတုန်း။ ဒရောသောပါးပဲ။ သူ့အိတ်ထဲကိုယ့်ပုဆိုးထိုးထည့်၊ ကိုယ့်အိတ်ထဲသူ့စောင်လာထည့်နဲ့ပေါ့။ အရေး ကြီးတာတွေမ ကျန်ဖို့ပဲဂရုစိုက်နိုင်တယ်။ လိုတဲ့ပစ္စည်းဟိုကျမှဝယ်တော့ပဲ။ ဇနီးသည်ကတော့ သမီးငယ်နဲ့ကျန် ခဲ့လေရဲ့။ ပြည့်ဖြိုးလွင်ကလာစောင့်ပေးပါတယ်။ သူ့ကိုကျေးဇူးတင်ကြောင်း ဒီနေရာမှာမှတ်တမ်းတင်ပါတယ် ။ Dr.အောင်ကျော်၊ ကျွန်တော်၊ သမီးကြီး၊ ဦးအောင်မင်း၊ ဝါဝါ၊ သူဇာနွယ်၊ ဇာဇာမိုး တို့ရယ် ကားမောင်း တဲ့ညီလေးနဲ့ ဆိုတော့ ၈ ယောက်ပေါ့။ ၈ ဂဏန်း မကြိုက်ပါဘူးဆိုမှ ၈ လာဖြစ်နေသေးတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ သွားပြီဆိုတော့လည်းရောက်ပြီပဲ ဆိုကြပါစို့ရဲ့။

ကျွန်တော်ကရွှေစက်တော်ကို ဆူနာမီဖြစ်တဲ့နှစ်က ရောက်ဖူးတယ်၊ တစ်ခါတည်း။ ဒီဇင်ဘာ ၂၆ ဆိုတော့ အောက်စက်တော်ရာမဖွင့်သေးဘူးဗျ။ မဖွင့်သေးတော့ ရေလည်းများများမလွှတ်သေးဘူးပေါ့။ ခြေသလုံး လောက်ပဲရှိတဲ့ရေထဲမှာ ငုတ်တုတ်ထိုင်ပြီးရေချိုးခဲ့သေးတယ်။ ရွှေစက်တော်ရောက်ပြီး မန်းချောင်းမှာ ရေမချိုးခဲ့ရဘူးဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့။ အဲဒီတုန်းက တည်းကျောင်းတွေကလည်းစဆောက်ကြတုန်း။ ဒီတစ်ခါသွားတာကတော့ ဘုရားပွဲရာသီ ဆိုတော့ဘယ်လိုနေမလဲလို့ကြိုတွေးနေမိတယ်။ သူဇာနွယ်က တည်းကျောင်းနေရာကောင်းကောင်းရဖို့ ကြိုဆက်သွယ်ထားတယ်။ ဒါပေမယ့် ရေစပ်မှာမရဘူးလို့လည်း ကြိုကြားနေရတယ်။ သူတို့ကတော့ ရေစပ်မှာရအောင်ရှာတည်းမယ်တဲ့။

ရွှေစက်တော်ကိုရောက်ရင် ရောက်ရောက်ချင်း ရေတန်းချိုး ဘာမှမဖြစ်ဘူးလို့ကြားဖူးပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်က နေအပူဆုံးအချိန်၊ နေရဲ့အပူရှိန် ကားကပူတဲ့အပူ ကပ်တရာလမ်းကဟပ်တဲ့အပူ အပူပေါင်းစုံ တွေကြားထဲမှာ စိတ်တွေကတော့ပေါ့ပါး လန်းဆန်းနေပါတယ်။ ကျွန်တော်ဆိုမနေ့ညက မအိပ်လိုက်ရဘူးဗျ။ ဆောင်ရွက်ဖွယ်ရှိသည်များကို အလင်မှီအောင်ဆောင်ရွက်ရင်းနဲ့ ပေါ့ဗျာ။ ရွှေစက်တော်ရောက်ဖို့မိုင်ဝက် လောက်အလိုကစပြီး အပူရှိန်လျော့လာတယ်ဗျ။ ရောက်လည်းရောက်ရော ဘုရားရိပ်၊ တောရိပ်၊ တောင်ရိပ်၊ မန်းချောင်းကရေပြင် တွေကြောင့် ပူတာကိုမခံစားရတော့သလိုပါပဲ။ ဒါကြောင့်နေမှာပါ၊ ရောက်ရောက်ခြင်း ရေချိုးဘာမှမဖြစ်ဘူးဆိုတာ။

စီစဉ်ထားတဲ့ တည်းကျောင်းလိုက်ရှာတော့ ကြားထဲရောက်နေတယ်ဗျ။ ဒါနဲ့ပဲရေစပ်ကတည်းကျောင်းရအောင် ကြိုးစားလိုက်ကြရ အောင်ဆိုပြီး ရှာကြတာ ခဏနဲ့တွေ့တယ်ဗျ။ နေရာလိုက်ကြည့်တော့ သူတို့ကကြိုက်တယ် တဲ့။ ကြိုက်ချင်စရာပါပဲ။ တည်းကျောင်း ကလှမ်းကြည့်ရင် မန်းချောင်းရေပြင်မှာ ပျော်ပျော်ကြီးရေဆော့နေသူ တွေကိုလှမ်းတွေ့နိုင်တဲ့နေရာ၊ တည်းကျောင်းကဆင်းတာနဲ့ ရေစပ်ရောက်နေတဲ့ နေရာဗျ။ မကြိုက်ချင်စရာ ကောင်းတာက အခန်းခပဲ။ ရေနဲ့အနီးဆုံးအခန်းက ၃၅၀၀၀ တဲ့။ သူ့နောက်အခန်းက ၂၀၀၀၀ ၊ သူ့နောက်က ၁၅၀၀၀ ဈေးတန်းဖက်ကကောင်က ၂၅၀၀၀ တဲ့။ မိန်းကလေးတွေကတော့ ငါတို့ဆောင်ရွက်ရမယ့်နေရာ ရောက်ပြီဆိုတာ ကောင်းကောင်းကြီးသဘောပေါက်ကြပြီး ဈေးကို အသားကုန်ဆစ်တော့တာပါပဲ။ သူတို့က လည်းဈေးကိုမာမာပဲဗျ။ ဒီနေ့တော်လှန်ရေးနေ့တဲ့၊ ပြီးရင် ၃ ရက်ဆက်ပိတ်မှာဆိုတော့ ဒီဈေးပဲလို့ဆိုကြပါ တယ်။ နောင်ဆုံးတော့ ရေနဲ့အနီးဆုံးအခန်းနဲ့ သူ့နောက်ကအခန်း ၂ ခန်းပေါင်း ၄၇၀၀၀ နဲ့ဈေးတည့်ကြတယ်။

တည်းကျောင်းပုံစံတွေကို ဓါတ်ပုံမှာကြည့်လို့ရပါတယ်။ အောက်စက်တော်ရာနဲ့ အထက်စက်တော်ရာကြားမှာ မန်းချောင်းရှိပြီး အထက်စက်တော်ရာရှိတဲ့တောင်ကို မန်းချောင်းက ရစ်ခွေစီးဆင်သွားတာတွေ့နိုင်ပါတယ်။

အထက်စက်တော်ရာပေါ်ကနေ အောက်ဘယ်ဖက်ကိုလှမ်းရိုက်တဲ့ပုံပါ။




မန်းချောင်းနဲ့အနီးဆုံးတဲရှည်ရှည်လေးတွေကတော့ တည်းကျောင်းတွေပါ။ ပြီးရင်လမ်း၊ နောက်လမ်းဟိုဖက်က ဈေးတန်းပါ။ အောက်ကပုံကတော့ ကျွန်တော်ရောက်နေတဲ့ အထက်စက်တော်ရာ အောက်တည့်တည့်ပုံပါ။



အောက်ကပုံကတော့ ကျွန်တော်ရောက်နေတဲ့အထက်စက်တော်ရာရဲ့ ညာဖက်ကပုံပါ။


ကဲဆက်ကြဦးစို့ရဲ့။
မကျေမနပ်နဲ့ နားကြ ၊ ဘောကွင်းငှား ၊ ချောင်းထဲဆင်း ၊ ရေချိုး ၊ ဘောကွင်းပျောက်
ယူထားတဲ့အခန်းတွေမှာ နေရာချပြီး ခဏနားကြရအောင်လို့ပြောလိုက်တော့ သိပ်ကျေနပ်သလိုပဲဗျ။ သမီကြီးကစပြီးတော့။ ဒါနဲ့ပဲအမိန့်ထုတ်လိုက်ရတယ်။ ချောင်းထဲကိုဆင်းလို့မပြောမခြင်း ဘယ်သူမှ မဆင်းရဘူးလို့။ သူတို့လဲအဲဒီကျမှ လက်လျော့ပြီး ကျောဆန့်နားကြတယ်။ ကျွန်တော်နာရီဝက်လောက် အိပ်ပျော်သွားတယ်ဗျ။ နိုးလို့ကြည့်လိုက်တော့ သူတို့ကရေထဲဆင်းဖို့ဘောကွင်းတောင် ငှားပြီးနေကြပြီ။ ကျွန်တော်လည်း နာရီကြည့်ရင်း ရောက်တာ ၁ နာရီသာသာရှိပြီဖြစ်လို့ ရေထဲဆင်းချင်ရင် ဆင်းကြတော့လို့ ပြောလိုက်ပါတော့တယ်။ ဘောကွင်းက အသေးဆို ၅၀၀ ၊ အလတ်က ၈၀၀ ၊ အကြီးက ၁၀၀၀ နဲ့ငှားရပါတယ်။ တစ်နာရီကိုပါ။ အားလုံးရေထဲဆင်းသွားကြပြီးတဲ့နောက် ကျွန်တော်က ကမ်းပေါ်ကနေ ဓါတ်ပုံရိုက်ပေးခဲ့ပါတယ်။
သမီးကြီးကအရင်ဆုံးရေထဲဆင်းသွားလေရဲ့။


ရေကတော်တော်စီးတာပဲဗျ။ ဒူးလောက်နေရာဆိုတော်တော်သိသာတယ်။ ခါးလောက်ဆိုရင် ရေထဲပါချင်နေပြီ။ ကျွန်တော်တို့တည်းကျောင်းရှေ့ကနေရာက အကွေ့နေရာဖြစ်နေတော့ ပိုစီးတယ်ဗျ။
သမီးကြီးမျောမသွားအောင် ကြိုးနဲ့ဆွဲထားဖို့ပြင်ဆင်နေပုံပါ။


သူတို့နှစ်ယောက်ကရေလယ်မှာ အလည်လွန်နေကြပါတယ်။



ကမ်းစပ်ပြန်ခေါ်ပြီး ဓါတ်ပုံစုရိုက်ထားတာပါ။


ကျွန်တော်မပါပါဘူး။ ကျွန်တော့်ကိုရေထဲမှာ ဓါတ်ပုံရိုက်ပေးဖို့သူတို့မေ့နေကြပါတယ်။ မေ့မယ်ဆိုလည်း မေ့လောက်ပါတယ်။ မန်းချောင်းရေက စီးစီးနဲ့ ရေကစားလို့အင်မတန်ကောင်းပါတယ်။ အနီးအနားမှာလည်း ပျော်ပျော်ရွှင်ရွှင်ရေကစားနေသူတွေ အများကြီးပါ။

ခြောက်နာရီခွဲလောက်မှာ ရေထဲကတက်ခဲ့ကြဖို့ခေါ်တော့ အားလုံးကကျွန်တော့်ကို ရန်သူကြီးတစ်ယောက်ကို ကြည့်ပုံနဲ့လှမ်းကြည့်ကြတယ်။ ကျွန်တော်လည်း ညစာစားမယ့်အချိန်၊ ပွဲဈေးလျှောက်မယ့်အချိန်တွေကို ပြန်တွက်ကြည့်ရင်း တက်ခဲ့တော့လို့ ထပ်ခေါ်ထားပါတယ်။ တက်လာသင့်ပြီဆိုတာ သူတို့ကိုယ်တိုင်သိပေမယ့် မတက်ချင်ကြသေးဘူးဗျ။ တစ်ခါတစ်ခါ ဒီလိုပါပဲ။ လုပ်သင့်တယ်ဆိုတာသိပေမယ့် မလုပ်ဖြစ်ခဲ့တာတွေ၊ မလုပ်သင့်ဘူးဆိုတာသိပေမယ့် လုပ်ဖြစ်ခဲ့တာတွေ ရှိတတ်ကြပါတယ်။ ကျွန်တော်တို့တတွေ ဒါမျိုးတွေကို နည်းနိုင်သမျှ နည်းအောင်ကြိုးစားကြရမှာပါ။

မကြေမနပ်နဲ့ ကမ်းပေါ်တက်၊ အဝတ်စားလဲ၊ အောက်စက်တော်ရာဖူး၊ ညစာစား၊ ပွဲဈေးလျောက်၊ ဈေးဆစ်။

အောက်စက်တော်ရာမှာ ရွှေချခဲ့ပါတယ်။





အထက်စက်တော်ရာ




ရေချိုးကြောက်သူတွေ၊ ရေချိုးပျင်းသူတွေကို ရွှေစက်တော် ခေါ်သွားကြည့်ပါ။ ရေအင်မတန်ချိုးနိုင်သူတွေ ဖြစ်သွားမှာသေချာပါတယ်။ ကျွန်တော်တို့အဖွဲ့လည်း အထက်စက်တော်ရာဖူးပြီးတာနဲ့ အောက်ကိုဒုန်းဆင်းကြ ပါတော့တယ်။ ကျွန်တော်ကပြန်ချိန် ၁၁ နာရီလို့သတ်မှတ်ထားလို့ ရေကြာကြာချိုးချင်ကြလို့ပါ။ တည်းကျောင်း ရောက်တော့ အဝတ်လဲပြီး ရေထပ်ဆော့ ကြပါတယ်ခင်ဗျား။

ထုံးစံအတိုင်းပဲပေါ့ဗျာ။ မတက်ချင်တက်ချင်နဲ့ ကမ်းပေါ်ပြန်တက်ကြ၊ မကွေးသို့ပြန်လည်ထွက်ခွာလာခဲ့ ကြပါတော့တယ်။ အားလုံးပျော်သင့်ပျော်ထိုက်သလောက် ပျော်ခဲ့ကြရပါတယ်။

ဘုရားဖူး၊ ရေကစားနဲ့ အင်မတန်ကြည်နူးဖို့ကောင်းတဲ့ မန်းရွှေစက်တော်ပါ။ ကျွန်တော်ရှိနေတဲ့အချိန်အတွင်း ရူးရူးမူးမူး မိုက်မိုက်ရိုင်းရိုင်းတွေ မတွေ့ခဲ့ပါဘူး။ သောက်ချင်တဲ့သူတွေကလည်း ကိုယ့်အခန်းထဲမှာပဲ အေးဆေးစွာ ပုလင်းထောင်နေကြပါတယ်။ အရက်ရောင်းတဲ့ဆိုင် မတွေ့ခဲ့ပါဘူး။

ဗိုလ်ထိုင်အိမ်သာနဲ့မှ ကိစ္စပြီးတတ်သူတွေအတွက်တော့ ရင်လေးဖွယ်ပါ။

ကျွန်တော့်ရဲ့ ရွှေစက်တော်ခရီးသွား မှတ်တမ်းဖြစ်ပါတယ်ခင်ဗျား။

No comments: