ခရီးတစ်ခုသွားဖို့ ဖြစ်လာပါတယ်။ အဲဒီတော့ သွားတယ်ပေါ့ဗျာ။ သွားတယ်လို့ လွယ်လွယ်ပြောလိုက်ရပေမယ့် သွားဖြစ်အောင် ပြင်ရဆင်ရတာတွေကတော့ မလွယ်ဘူးဗျ။ အချိန် ကတော့ အဓိကပါ။ ဘယ်နားကမှ သွားငှား သွားတောင်းလို့မရတော့ တော်တော်ချိန်ရပါတယ်။ အားလုံးအဆင်ပြေအောင် ပြင်ဆင်ပြီးသကာလ သွားဖို့ရက် ရွေးပါတယ်။ ဒီလက ၁၃ ရက်နဲ့ သောကြာကတစ်ထပ်တည်းလာကျပါတယ်။ တခြားဘာဘာ ညာညာတွေ သိပ်မယုံကြည်တတ်ပေမယ့် ၁၃ သောကြာကတော့ စိတ်ထဲမှာ တစ်မျိုးခံစားရပါတယ်။ ပရိုင်အိုရီအော့ဖ် ဆိုင်ရွန်အဖွဲ့သားတွေကို တစ်ကမ္ဘာလုံး တစ်ချိန်တည်း သတ်ခဲ့တဲ့ရက်ကလည်း ၁၃ သောကြာလို့ ကြားဖူးပါတယ်။ ၀န်ထမ်းခရီးသွားတာဖြစ်တဲ့အတွက် ဌာနချုပ်ထွက်ခွာခွင့်တင် ၁၃ ရက်နေ့မှာ မကွေးကစထွက်ပါတယ်။ မန္တလေးသွားတာဖြစ်လို့ ဒေါင်းသေချောင်းကို ဖြတ်ရပါတယ်။ ကျွန်တော်ကြားဖူးတာ ဒေါင်းသေချောင်းပါ။ ဆိုင်းပုဒ်ကတော့ ဒေါင်းနေချောင်းလို့ ရေးထားတာတွေ့ရပါတယ်။ ချောင်းရေကျတာ သိပ်များရင် ဘယ်သူမှ မကူးကြတော့ပါဘူး။ စောင့်ရမှာ ကြာမယ်ထင်ရင် မကွေးဖက်ကထွက်လာတဲ့ကားတွေက မကွေးပြန်အိပ်လေ့ရှိပါတယ်။ နောက်တစ်နေ့ မနက်စောစောမှ ပြန်ထွက်တာပါ။ ကျွန်တော်ရောက်တဲ့အချိန်

ဒေါင်းသေချောင်း ရေကျနေတဲ့ပုံပါ။ သိပ်တော့မများသေးပါဘူး။ ဂျစ်ကားကတော့ မဖြတ်ရဲလို့ ထွန်စက်နဲ့ ဆွဲပြီးဖြတ်နေတာ ပုံထဲမှာ တွေ့ကြမှာပါ။ ရေကသိပ်မများသေးတော့ ကုန်သိပ်များတဲ့ကားတွေကလွဲရင် အားလုံးဖြည်းဖြည်းချင်း ဖြတ်ကြပါတယ်။

မန္တလေးကို မနက် ၃ နာရီ ၁၅ မှာရောက်ပါတယ်။ စောသေးလို့ ဟိုဖက်ဆက်ရမယ့်ကားကို တော်တော် စောင့်ရပါတယ်။ လားရှိုးအကျော် ရေပူနားက ရွာကိုသွားမှာပါ။ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် သွားမယ့်ဂိတ်က အကြိုတော်တွေက လာခေါ်ပါတယ်။ မေးကြည့်တော့ Van က လေးနာရီခွဲထွက်မှာ။ လေအိပ် Express က ခြောက်နာရီခွဲလို့ ဆိုပါတယ်။ ဒါနဲ့ပဲ Van နဲ့လိုက်မယ်ဆိုပြီး လက်မှတ်ဖြတ်ပါတယ်။ ကွတ်ခိုင်အထိလို့ ဖြတ်တာကို မူဆယ်ဖိုးတောင်းပါတယ်။ ကျွန်တော်ဒါ နောက်မှသိရတာပါ။ လေးနာရီခွဲလည်းမထွက် ငါးနာရီခွဲလည်း မထွက် နောက်မှသိရတာ လူပြည့်မှထွက်တာတဲ့။ ကံကောင်းထောက်မစွာနဲ့ ၇ နာရီမှာ လူပြည့်ပါတယ်။ ရှေ့ခန်းတစ်ယောက်၊ နောက်ခန်း ၃ ယောက်တင်တာပါ။ အဲဒီမှစထွက်ပါတယ်။ ပြင်ဦးလွင် မှာ ခဏနား၊ နောင်ချို၊ ကျောက်မဲ ဖြတ် သီပေါမှာ ထပ်နားပါတယ်။ လားရှိုးရောက်တော့ နေ့လည် တစ်နာရီ ထိုးပါပြီ။ လားရှိုးမှာ ကားပြောင်းပေးပါတယ်။ မန္တလေးက Van တွေရဲ့ခရီးဆုံးက လားရှိုးပါတဲ့။ အဲဒီမှာ ကားပြောင်းပြီး ကွတ်ခိုင် မူဆယ်ကိုဆက်ပါတယ်။ အဲဒါလည်းနောက်မှ သိရတာပါ။ ကျွန်တော်နောက်မှ သိရတာတွေ တော်တော်များပါတယ်။ အဲဒီဖက်ကို ခရီးသွားမယ့်သူများအနေနဲ့ Van စီးမယ်ဆိုရင် လားရှိုးအထိပဲလက်မှတ်ဖြတ်တာ ကောင်းပါတယ်။ လားရှိုးရောက်မှ ကိုယ်ကြိုက်တဲ့ Van ဆက်စီး အဲဒါအဆင်ပြေဆုံးပါ။ ရွာရောက်တော့ ၃ နာရီထိုးနေပါပြီ။ လားရှိုးမှာ စောင့်ရတာ တစ်နာရီခွဲလောက် ကြာသွားပါတယ်။ ဖုန်းကတော့ လားရှိုးအထွက်မှာ လိုင်းပျောက်သွားပါပြီ။ GSM ပါ။ ရေပူရွာမှာ CDMA လိုင်းမိတာတွေ့ရပါတယ်။
ရေပူရွာမှာ ရေပူချိုးဖို့လုပ်ပေးထားတဲ့နေရာပါ။ အလကားချိုးရတာပါ။ ပိုက်ဆံပေးစရာမလိုပါဘူး။ ရေပူဆိုတဲ့အတိုင်း တော်တော်ပူပါတယ်။
လမ်းကရှုခင်းပုံပါ။ အပြန်မှာရိုက်ထားတာပါ။
၁၃ ရက်နေ့သွား ၁၄ ရက်နေ့ရောက် ၁၄၊ ၁၅ ရွာမှာအိပ်၊ ၁၆ ရက်နေ့ပြန်လာ နောင်ချိုမှာအိပ်။ ၁၇ နောင်ချိုကပြန်ထွက် မန္တလေးရောက် မန္တလေးကနေ ဆက်ကားစီး ၁၈ ရက်နေ့ မကွေးပြန်ရောက်ပါတယ်။ ပူတဲ့နေရာကနေ အေးတဲ့နေရာသွား၊ ဟိုရောက်တော့ ပူတဲ့အချိန် ရေပူသွားစိမ်၊ အပြန်မိုးမိ၊ လူလည်းတော်တော် ခံလိုက်ရပါတယ်။
ဒီအပေါ်ကနေ ဓါတ်ပုံရိုက်တော့ တံတားနား ဂိတ်မှာတာဝန်ကျတဲ့ရဲက ခရာ လှမ်းမှုတ်ပါတယ်။ အနားရောက်တော့ ရိုက်ထားတဲ့ပုံတွေကြည့်ချင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်လည်း ပြပေးလိုက်ပါတယ်။ သူ့အပြောအရ မှာထားလို့ပါတဲ့။ နောက်မှသိရတာက ဒီပေါ်ကနေ ဓါတ်ပုံရိုက်ပြီးတိုင်လို့တဲ့။ ဘယ်လိုအချိန် ဘာလုပ်နေတာကို ရိုက်ပြီးတိုင်သလဲဆိုတာကိုတော့ ကိုယ့်ဖာသာပဲ တွေးကြည့်ကြပါတော့။ ဒါလည်းနောက်မှသိရတာပါ။