22 November, 2011

စကားပုံများနဲ့ကျွန်တော်


မနေ့က သမီးလုပ်သူကမေးလာတယ်။ သူကလည်း ဟိုစာဖတ် ဒီစာဖတ်နဲ့ဆိုတော့ ဟိုဟာမသိရင် လာမေး၊ ဒီဟာမသိရင်လာမေးနဲ့ပေါ့။ ဒီတခါလာမေးတာက စကားပုံဗျ။ သဘောတရားတော့ သိပြီးသားဖြစ်မှာပါ။ မေးတယ်ဆိုတဲ့သဘောနဲ့ မေးသလားမသိဘူး။ ခွေးမြှီးကောက် ကျည်တောက်စွပ် ဆိုတာဗျာ။ အဲဒါမေးတော့ ကျွန်တော်လည်း သိသလောက် မှတ်သလောက်ပြောပြတာပေါ့။ ပြောပြီးတော့ ပြီးသွားပြီထင်တာ၊ သူကတဆင့်တက်လာသဗျ။ အဲဒါဘယ်သူ့မှာ အပြစ်ရှိသလဲတဲ့။ တကယ်တော့လည်း အဲဒီကိစ္စမှာ ဘယ်သူက ဘယ်လိုအပြစ်ရှိတာရယ်လို့မှ မဟုတ်တာ။ ဒါပေမယ့် သူမေးတာကို ကိုယ့်အယူအဆနဲပဲ အဆင်ပြေအောင် ဒီလိုဖြေလိုက်မိပါတယ်။
ခွေးမြှီးကောက် မှာလည်း အပြစ်မရှိဘူး၊ ခွေးမြှီးကောက်ဆိုတဲ့အတိုင်း သူကတော့  အော်လစ်ဂျင်နယ် ကောက်လေ။ အဲဒါကို တနေ့ဖြောင့်လာနိုး တနေ့ဖြောင့်လာနိုးနဲ့ ကျည်တောက် လာစွပ် စွပ်နေတဲ့သူမှာ အပြစ်ရှိသဗျာ။ စွပ်တာကို ၀ိုင်းကူတဲ့သူတွေမှာလည်း အပြစ်မကင်းဘူး။ ဘယ်လောက်ကြာရင်တော့ ဖြောင့်တော့မယ်ထင်တယ်၊ ဘယ်လို စွပ်ရင်တော့ ဖြောင့်လောက်တယ်လို့ ဘေးတီးနေတဲ့သူတွေမှာလည်း အပြစ်ရှိတယ်။ ဖြောင့်လာတော့မှာပဲလို့ မျှော်လင့်ပြီး ဘေးကထိုင်စောင့်နေတဲ့သူတွေမှာလည်း အပြစ်ရှိသဗျာ။ ခွေးမြှီးကောက်ကို မမြင်မတွေ့ချင်ရင်တော့ မောင်းထုတ်လိုက်ဖို့ပဲရှိတယ်လို့ လို့ဖြေလိုက်မိပါတယ်။ 

No comments: