မနေ့ညက ဆရာကြီးဦးနက် နှုတ်ဆက်ပွဲဓါတ်ပုံ အင်တာနက်မှာ တင်ထားတာရှိတယ် . . . ဘယ်လိုကြည့်ရမလဲဆိုပြီးဖုန်းဆက်မေးလာပါတယ်။ တင်ထားတာက Facebook Page တခုမှာပါ။ Facebook Page က Facebook Account ရှိမှ ကြည့်လို့ရမှာပါ။ မရှိသူတွေအတွက် ဒီမှာ တင်လိုက်တာ ဖြစ်ပါတယ်ခင်ဗျား။
Facebook Account ရှိပြီး မူရင်းနေရာကကြည့်လိုသူများ အောက်ပါလင့်မှာ ကြည့်နိုင်ပါကြောင်း။
http://www.facebook.com/photo.php?fbid=292044420884007&set=a.121224377966013.31994.121178721303912&type=3&src=http%3A%2F%2Fsphotos-h.ak.fbcdn.net%2Fhphotos-ak-ash4%2F457334_292044420884007_459090237_o.jpg&smallsrc=http%3A%2F%2Fsphotos-h.ak.fbcdn.net%2Fhphotos-ak-ash3%2F523052_292044420884007_459090237_n.jpg&size=1800%2C1200
18 October, 2012
07 October, 2012
iOS 6
ဒီနေ့မနက် မနေ့ညကဒေါင်းထားတဲ့ iOS 6 ရနေတာတွေ့လိုက်ပါတယ်။ ဒါနဲ့ပဲ တင်တယ်ပေါ့ဗျာ။ စတင်ခါစကတော့ ဟုတ်တိပတ်တိပဲ။ အဆင်ပြေနေတယ်ဗျ။ တော်တော်ကြာမှ တင်လို့မရပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး restore mode ခေါ်လားမသိပါဘူးဗျာ။ အဲဒီရောက်သွားတယ်။ ဘာမှတော့သိပ်မစိုးရိမ်ဘူး။ အဆင်ပြေရင် ဆိုင်ပို့မယ်ဟလို့ စိတ်ကူးလေးနဲပေါ့။ အစိုးရိမ်ဆုံးကတော့ မိတ်ဆွေတွေရဲ့ ဖုန်းနံပတ် မှတ်ထားတာတွေ ပျောက်သွားမှာကိုပါ။
နောက်ဆုံးတော့ ဟိုလုပ်ဒီလုပ်နဲ့ပဲ အဆင်ပြေစွာ iOS 6 တင်ပြီးသွားပါတယ်။ ဖုန်းနံပတ်တွေလည်း အကုန်ပြန်ရပါတယ်ဗျာ။

06 October, 2012
World Teachers' Day
ကမ္ဘာ့ ဆရာများနေ့ ကျွန်တော်တို့ကျောင်းမှာ ဘာမှ မလုပ်ဖြစ်ပါဘူး။ မလုပ်ဖြစ်ဆို ဒီအချိန်က Day ကျောင်းသားကလည်း စာမေးပွဲပြီးလို့ မရှိတော့။ အဝေးသင်ပထမအသုတ်ကလည်း စာမေးပွဲဖြေနဲ့ပါ။ ညနေ သမီးလေးကို မူကြိုသွားကြိုတော့ မူကြိုရှေ့မှာ ဆိုင်းပုဒ်ထောင်ထားပါတယ်။ ကမ္ဘာ့ ဆရာများနေ့၊ ဆရာကန်တော့ပွဲ တဲ့။ ကလေးတွေက ဆရာတွေကို ကန်တော့၊ ဆရာတွေက မုန့်ပြန်ကျွေးနဲ့ပါ။ မြင်ခဲ့ရတာ တော်တော်ကြည်နူးမိပါတယ်ဗျာ။
21 July, 2012
သင်္ချာ ဘာနဲ့ ရိုက်မလဲ
တကမ္ဘာလုံးမှာ အများစုက သင်္ချာရိုက်ရန် Latex ကိုအသုံးပြုပါတယ်။ Latex ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ သင်္ချာရိုက်ရန်လည်း အင်မတန် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Latex နဲ့ သင်္ချာ Thesis ကို မရိုက်ဖို့ တရားဝင် တားဆီးခြင်း ခံခဲ့ရဖူးပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်တဲ့အကြောင်း အစွမ်းကုန် ငြင်းပါတယ်။ ကျွန်တော့်ဖက်က ရပ်တည်ပေးကြတဲ့ မုံရွာတက္ကသိုလ် ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာဇော်မြင့်၊ မန္တလေးတက္ကသိုလ်က ပါမောက္ခ ဆရာမကြီး ဒေါက်တာဥမ္မာ တို့ကို အထူး ကျေးဇူးတင်ပါတယ်။ နောက်ဆုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိမိ နှစ်သက်ရာသုံး ရိုက်နိုင်သည်ဟု ဆုံးဖြတ်ပေးခဲ့သော မန္တလေးတက္ကသိုလ်က ပါမောက္ခ ဌာနမှူး ဆရာကြီး ဒေါက်တာသက်ခိုင် ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပါ။
ပြဿနာအစမှာ Thesis ရိုက်လျှင် Microsoft Word နှင့်ရိုက်ပါဟု စတင်ပြောဆိုချိန်က စပါသည်။ ကျွန်တော်ကတော့ Microsoft Word အခမဲ့ Software မဟုတ်ကြောင်း သာမာန်စာစီစာရိုက်အတွက် အသုံးဝင်သော်လည်း သင်္ချာရိုက်ဖို့ အဆင်မပြေလှကြောင်း၊ နောက် မိမိတို့သည် Microsoft ၏ ကြော်ငြာ ကိုယ်စားလှယ်များမဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။ ဆရာကြီးတဦးက Wordသည်ကွန်ပျူတာ ဝယ်လျှင် တခါတည်းပါလာမည်ဖြစ်ကြောင်း သူ့အမြင်ကို ပြောဆိုပါတယ်။
နောက်ဆုံး အနှစ်ချုပ်ရမည်ဆိုပါက အဓိကပြဿနာမှာ ကွန်ပျူတာစဝယ်ကတည်းက ပါလာသော Softwareများသည် အလကားရသော Software များဟု ထင်နေကြသောကြောင့်လည်းဖြစ်ပါသည်။

10 April, 2012
အလုပ်များသော မတ် လ
မတ်လဟာ ပုံမှန်နှစ်တွေမှာလည်း အလုပ်များလေ့ရှိပါတယ်။ ဒေးကျောင်းသားတွေ စာမေးပွဲ၊ တက္ကသိုလ်ဝင် စာမေးပွဲ၊ မဟာသုတေသနသင်တန်းသားတွေအတွက် ကျမ်းခုခံပွဲ ရှိပါတယ်။ ဒီနှစ်က ပိုအလုပ်များခဲ့ကြပါတယ်။ ကျူတာခေါ်မယ်လို့ သတင်းတွေက ထွက်နေတော့ မဟာသိပ္ပံသင်တန်းသားတွေအတွက်လည်း ကျမ်းခုခံပွဲကို အပြီးလုပ်ကြဖို့ စိုင်းပြင်းရပါတယ်။
မဟာသင်တန်းသားတွေရဲ့ ကျမ်းခုခံပွဲကို ဧပြီနဲ့မေလတွေမှာ လုပ်ခွင့်ရှိတာကြောင့် ဧပြီ ၁ မှာလုပ်ဖို့ ဆင်ရပါတယ်။ ကျူတာခေါ်ရင် အဆင်သင့်ဖြစ်နေအောင်ပါ။ အဲဒီကျောင်းအလုပ်တွေအပြင် ကိုယ်က ဓါတ်ပုံရိုက်တာဝါသနာပါတော့ ကိုယ့်မြို့ကထူးထူးခြားခြားဖြစ်ရပ်တွေအတွက် ဓါတ်ပုံလည်း လိုက်ရိုက်မိပါသေးတယ်။
ကျေနပ်မိတာတခုက အလုပ်တွေများနေတဲ့ကြားထဲက မတ်လ ၃၁ ရက်နေ့မှာ ရွှေစက်တော်ကို ရောက်အောင်သွားလိုက်ရတာပါပဲ။ မောခဲ့ရသမျှတွေ အမောပြေခဲ့ပါတယ်။
ဝမ်းနည်းမိတာက မတ်လတလလုံး Post တခုမှ မတင်လိုက်နိုင်တာပါပဲ။

18 February, 2012
MRes သင် တန်း သား များ ဘာ ကြောင့် လျော့ နည်း လာ သ နည်း ?
ဒီနှစ် မန်းမှာစာတမ်းသွားဖတ်တော့ MRes လို့ခေါ်တဲ့ မဟာသုတေသန သင်တန်းသားအရေအတွက် မနှစ်ကရဲ့ ထက်ဝက်လောက်သာရှိတာကို တွေ့ရပါတယ်။
မဟာသုတေသန လုပ်ဖို့ဆိုရင် မဟာတန်းမှာ အထူးအောင် (Credit) ရခဲ့ရမှာဖြစ်ပါတယ်။ ကျောင်းသက်ကိုပြန်ကြည့်ကြရအောင်ပါ။
ဂုဏ်ထူးတန်းသမားက ဂုဏ်ထူးတန်းဘွဲ့အတွက် (၄) နှစ်၊ မဟာဘွဲ့က (၂) နှစ် စုစုပေါင်း (၆) နှစ်ကျောင်းသက်ရှိပြီးသူတွေပါ။
ရိုးရိုးဘွဲ့သမားဆိုရင် ရိုးရိုးဘွဲ့က (၃) နှစ်၊ မဟာအရည်အချင်းစစ်တန်းက (၁) နှစ်၊ မဟာတန်းက (၂) နှစ်။ သူတို့လည်း ကျောင်းသက် (၆) နှစ်ရှိပြီးသူတွေဖြစ်ပါတယ်။
အဲလိုကျောင်းသက်ရှိပြီးသူတွေအဖို့ မဟာသုတေသနအတွက် (၁) နှစ်ဆိုတဲ့အချိန်ဟာ ဘာမှမပြောပလောက်တော့ပါဘူး။ အချိန်အတွက် မဟုတ်ရင် ဘာဖြစ်လို့ ဒီ(၁)နှစ်ထဲနဲ့ ဘွဲ့ ၁ ဘွဲ့ရမယ့်ကိစ္စကို ဆက်မလုပ်ကြတာပါလဲ။ မဟာတန်းကို ပြီးအောင်တက်ကြတဲ့သူတွေဟာ ကျွန်တော်တို့ဖက်ကို တော်တော်ပါလာပြီးသားသူတွေပါ။ ဆရာ ဆရာမလုပ်ပြီး ကျောင်းထဲပြန်ဝင်ဖို့ကြိုးစားမယ့်သူတွေဖြစ်ပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကိုယ့်ဖက်ပါအောင် ဆွဲခေါ်ကြရမှာဖြစ်ပါတယ်။
တခုမေးစရာရှိမှာပါ။ မဟာမှာ အထူးအောင် မရကြလို့လား။ အဲဒါလည်းမဟုတ်ဘူးဗျ။ ဒီတခေါက်မန်းမှာ မုံရွာက သင်္ချာပါမောက္ခ ဌာနမှူး ကိုမေးကြည့်တော့ သူတို့ အထူးအောင်ပေးထားတာ ၂၀ ကျော်တယ်တဲ့။ တယောက်မှ မလုပ်ကြတာပါတဲ့။ ကျွန်တော်တို့မကွေးမှာလည်း ၂၀ လောက်အထူးအောင်တာ ၈ ယောက်ပဲလုပ်ပါတယ်။ တကယ်က ၇ ယောက်ပါ။ တယောက်က မနှစ်ကတည်းကလုပ်ခွင့်ရတာ မလုပ်ဘဲ ဒီနှစ်မှ လုပ်လို့ပါ။
ဒီလိုလူတွေကို ဘာတွေက အတားအဆီးဖြစ်နေလို့ မဟာသုတေသန ဆက်မတက်ကြတာလဲဆိုတာ ကျွန်တော်တို့ အဖြေရှာကြရမှာဖြစ်ပါတယ်။ စာလုပ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ သူတို့လုပ်နိုင်အောင် တွန်းအားပေးကြရမှာပါ။

16 February, 2012
ဒေါင်း
မေမြို့ရောက်တော့ ရုက္ခဗေဒဥယျာဉ်(ကန်တော်ကြီး) ဆီသွားဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ဒေါင်း တွေကို သမီးကြီးရိုက်ထားတာပါ။ ကျွန်တော်ကတော့ မောမောနဲ့ မြက်ခင်းပေါ်မှာ လဲလျောင်းရင်းကျန်ခဲ့ပါတယ်။ အသက်အရွယ်က စကားပြောလာပီလေ။ စိတ်သွားတိုင်း ရုပ်ကသိပ်မပါချင်တော့ဘူးဗျ။
07 February, 2012
စက္ကိန်းတဲ နဂါးပွက်တောင် ရှင်မင်းပူး
စိတ်ပြေလက်ပျောက် ဟိုနားဒီနားသွားဖြစ်ခဲ့ပါတယ်။ မင်းဘူးက စက္ကိန်းတဲစေတီတော်မြတ်ကြီးဆီပါ။
စက္ကိန်းတဲစေတီတော်မြတ်ကြီးဟာ မကွေးဖက်က မြသလွန်စေတီတော်မြတ်ကြီးနဲ့ တည့်တည့်လို့ ဆိုကြပါတယ်။
အဲဒီကမှတဆင့် နဂါးပွက်တောင်ဆီသွားကြပါတယ်။
ပွက်နေတဲ့ ရွှံတွေကအေးအေးလေးပါ။ မပူပါဘူး။
နောက် ရှင်မင်းပူးစေတီတော်မြတ်ကြီးဆီ ခရီးဆက်ပါတယ်။
ဒေသခံများပြောပြတာကတော့ ရှင်မင်းပူးစေတီတော်မြတ်ကြီးကို တည်ခဲ့သူက မမင်းပူးလို့ဆိုပါတယ်။ ဘုရင်စလေငခွေးဖြစ်မယ့် မင်းလောင်း လှေထိုးသားဘဝနဲ့ အဲဒီဒေသရောက်တော့ မမင်းပူးက အကြော်သည်ပါတဲ့။ အကြော်စားရင်း ဗေဒင်ဟောတော့ စလေငခွေးကို ဘုရင်သေချာပေါက်ဖြစ်မယ်လို့ဟောပါသတဲ့။ ဘုရင်ဖြစ်ရင်သူ့ကို မမေ့ဖို့လည်းပြောတယ် ဆိုပါတယ်။ အတိုချုပ်ရရင် စလေငခွေး ဘုရင်ဖြစ်တယ်ပေါ့ဗျာ။ မမင်းပူးကို မေ့တယ်ပေါ့။ အဲဒါနဲ့ စိတ်နာပြီး စေတီတည်၊ လုပ်ကြံဖို့ ယန္တယားဆင်ပြီး ဘုရင်စလေငခွေးကို ဖိတ်သတဲ့။ ဘုရင်စလေငခွေးကလည်း ဖုန်းကံကြီးတဲ့အလျှောက် စေတီသွားတဲ့လမ်းမှာ ညောင်ကိုင်းက ခေါင်းပေါ်က အဲဒါဘာခေါ်ရမလဲ။ ဘုရင်ဆောင်းတဲ့ ခေါင်းပေါ်ကဟာကိုညိသတဲ့။ အဲလိုဖြစ်တာကို ပညာရှိတွေကိုမေးတော့ စေတီထဲကို အဝင်ပဲတွေ့ပြီး အထွက်မတွေ့ပါဘူးလို့ဟောပါတယ်။ အဲဒါနဲ့ ဆိတ်ကိုစေတီတော်ထဲစမ်းလွှတ်ကြည့်တာ အပိုင်းပိုင်းပြတ်ပြီးသေတယ်တဲ့။ ဘုရင်က မမင်းပူးနဲ့ အမျိုးတော်တဲ့သူတွေအားလုံး သူကောင်းပြုမယ်ဆိုပြီး ခေါ်ပါတယ်။ အရင်းရော အဖျားရော အကုန်လာကြတယ်။ ကျင်းတူးခိုင်းပါတယ်။ ကျင်းနဲ့အပြည့် ရတနာပေးမယ်လို့ပြောပြီးတော့ပါ။ ကျင်းတူးပြီးကြချိန်မှာတော့ အားလုံးကျင်းထဲဆင်းခိုင်း ခေါင်းပဲဖော်ခိုင်းထားပြီး သံဂျစ်နဲ့ဆွဲပြီး သတ်ပစ်တယ်လို့ ပြောပြပါတယ်။ တချို့ပြောတာက မမင်းပူးကို မိဘုရားမြှောက်ဖြစ်တယ်။ စေတီထီးအတင်မှာ ဘုရင်မလာလို့ အညှိုးထားပြီးလုပ်ကြံဖို့လုပ်တာလို့ ဆိုကြပါတယ်။ ဘယ်ဟာမှန်လဲ ကျွန်တော်လည်းမသိပါ။ ကြားခဲ့ရတာတွေကို ပြန်ပြောပြခြင်းသာဖြစ်ပါတယ်။ အဲဒီကနေမှ မကွေးကိုပြန်ခဲ့ကြပါတယ်။

31 January, 2012
message လေးတခု
ဒီနေ့ ဖုန်းထဲကို အောက်ပါအတိုင်း message တခုဝင်လာပါတယ်။ ပို့တဲ့နံပါတ်က 18813 ပါတဲ့။
If you use GSM repeater without licence, remove immediately. Omitting shall dealt with according to law. (MCPT)
အဲလိုဖော်ပြထားတဲ့ message ပါ။

29 January, 2012
ကြေညာတာအဲလိုလုပ်ရသလား
ဒီနေ့အင်တာကိုင်ဖို့ရာ Browser ဖွင့်တော့ Home Page ထားတဲ့ Google ကတက်မလာဘဲ ဒီအသိပေး တင်ပြချက်ဆို တာကြီးက အရင်တက်လာတယ်။
ဒါ နမူနာအနေနဲ့ ပြလိုက်တာပါ။ စာကအောက်မှာ အရှည်ကြီးကျန်သေးတယ်။ Accept နှိပ်ကာမှ ကိုယ့် Home Page ကိုရောက်တယ်။ ဘာလဲဗျာ။ အသိပေးချင်ရင် တခြားနည်းနဲ့ အသိပေးပါလား။ စိတ်ဝင်စားတဲ့သူတွေအတွက် အသိပေးချက်က အကျိုးရှိကောင်းရှိနိုင်ပေမယ့် စိတ်မဝင်စားတဲ့ ကျွန်တော်တို့လိုလူများအတွက် အင်မတန် အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်လေတယ်ဗျာ။
Subscribe to:
Comments (Atom)