03 June, 2009

မှတ်မှတ်ရရ ရန်ကုန်

၁၆-၅-၀၉ နေ့ ညနေ ၃ နာရီအချိန်မှာ မကွေးမှစတင်ထွက်ခွာလာခဲ့ပြီး ၁၇-၅-၀၉ နေ့မနက် ၂ နာရီလောက်မှာ ရန်ကုန်ကိုရောက်ပါတယ်။ ၁၀ နာရီမှာ ဆောင်ရွက်ဖွယ်ရှိသည်များကို စတင်ဆောင်ရွက်တာ ၁၁ နာရီလောက်မှာ ပြီးသွားလို့ ဒီနေ့တစ်ရက်လုံးအားသွားပြီ ဖြစ်ပါတယ်။ ပြန်ဖို့ကလည်း မနက်ဖြန်မနက် ၁၀ နာရီလို့သတ်မှတ်ထားတာလေ။ အဲတာနဲ့ ကိုညမီးအိမ်ဆီသွားတွေ့ဦးမယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတစ်ခါတွေ့တာ ခဏလေးပဲစကားပြောချိန်ရခဲ့တာတွေကို အတိုးချပြီး ပြောရအောင်လို့ပါ။ MZ နဲ့ပတ်သက်တာလေးတွေလည်း ပြောမယ်ပေါ့ဗျာ။


သူ့ဆိုင်ကိုသွားတွေ့တော့ သူကလက်ဘက်ရည်ဆိုင်သွားရအောင်တဲ့။ ကျွန်တော်က ကော်ဖီဆိုင်သွားရအောင်ဆိုပြီး ခေါ်ခဲ့ပါတယ်။ ကိုစေတန်ကိုပါခေါ်ကြရအောင်ဆိုပြီး သူ့ဆိုင်ကိုအရင်သွားကြတာ ဆိုင်ပိတ်ထားတယ်ဗျ။ ကိုညမီးအိမ်ကတော့ပြောတယ်။ ကိုစေတန်သူ့ဆိုင်ရောင်းတော့မယ်တဲ့။ နိုင်ငံခြားထွက်တော့မယ်လို့လည်းပြောတယ်။ ကောင်းတယ်လို့ကျွန်တော်ထောက်ခံခဲ့သေးတယ်။ ဟုတ်တယ်ဗျ။ ကိုစေတန်လိုလူမျိုး နိုင်ငံခြားထွက်သွားရင် သူ့အတွက်ရော MZ အတွက်ပါပိုကောင်းမယ်ထင်တာပဲ။ ကိုစေတန်နဲ့မတွေ့တော့ ကော်ဖီဆိုင်သောဘာသောရွေးနေတော့ဘူး။ မိုးကအုံ့လာပြီလေ။ တွေ့တဲ့ မုန့်ဆိုင်ထိုင်ပြီး တ၀တပြဲစား CD တွေဝယ်ပြီး ပြန်ခဲ့ကြပါတယ်။

မူလကသတ်မှတ်ထားတဲ့အတိုင်းပဲ ၁၈ ရက်နေ့မနက် ၁၀ နာရီမှာ ရန်ကုန်ကစတင်ထွက်ခွာလာခဲ့ပါတယ်။ တိုက်ကြီးရောက်တော့ မကွေးက ဦးဇော်ဝင်းဆီက ဖုန်းဝင်လာပါတယ်။ အောင်လံနဲ့ကိုးပင်ကြားမှာ ရေကျော်နေလို့ကားတွေပိတ်နေတယ်တဲ့။ မကွေးကကားတွေ အနောက်ဖက်လမ်းက ထွက်ကြတယ်လို့ပြောလာပါတယ်။ အနောက်ဖက်လမ်းဆိုတာ ဘယ်လမ်းကိုပြောတာလဲဆိုတဲ့အကြောင်း ပြောဖို့လိုလာပြီထင်ပါတယ်။ ပုံမှန်မကွေးကနေရန်ကုန်ကိုသွားရင် မကွေး-သစ်ရာကောက်-ကိုးပင်-အောင်လံ-ပြည်-ရန်ကုန် ဒီလိုသွားကြတယ်ဗျ။ လိုင်းကားသွားတဲ့လမ်းကြောပါ။ နောက်တစ်လမ်းက မကွေး-သစ်ရာကောက်-တောင်တွင်းကြီး-အောင်လံ-ပြည်-ရန်ကုန် ဖြစ်ပါတယ်။ ဒီလမ်းက ပထမလမ်းထက် မိုင် ၅၀ လောက်ပိုပြီး ရန်ကုန်သွားဖို့ဆိုရင် အသုံးနည်းသွားပါပြီဖြစ်ပါတယ်။ ကျွန်တော်တို့တော့တခါလေ အဲဒီလမ်းကသွားတတ်ပါတယ်။ အနောက်ဖက်လမ်းဆိုတာကတော့ မကွေးကနေ ဧရာဝတီမြစ်ကို တံတားနဲ့ကူး မင်းဘူး၊ အဲဒီကနေ မုံရွာ-ပုသိမ်လမ်းအတိုင်းလာပြီး ပြည် န၀ဒေးတံတားကနေ ဧရာဝတီမြစ်ကိုပြန်ကူး ပြည်ရောက် အဲဒီကမှ ရန်ကုန်ပါ။ မသုံးကြပါဘူး။

ကျွန်တော်တို့တတွေလည်း မှော်ဘီ၊ သာယာဝတီ၊ သုံးဆယ်၊ အုတ်ဖို၊ မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့တွေကိုဖြတ်ပြီး လာခဲ့ကြတာ နတ္တလင်းကို နေ့လည် ၂ နာရီ ၁၅ မိနစ်မှာ ရောက်ပါတယ်။ အမေ့ဆီဝင်ထမင်းစား၊ မကွေးကိုဖုန်းဆက်ပြီး လမ်းသတင်းထပ်မေးကြည့်ပါတယ်။ မထူးခြားပါဘူး။ ပုံမှန်လမ်းကသွားလို့အဆင်မပြေသေးဘူးတဲ့။

စကားမစပ် အမေ့ဆီဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ညီမအငယ်ဆုံးက နတ္တလင်းဆေးရုံမှာတာဝန်ကျတာ ၂ နှစ်ကျော်ပါပြီ။ အမေကသူနဲ့လိုက်နေပါတယ်။ ရန်ကုန်မှာခဏသွားနေလိုက် နတ္တလင်းပြန်လာနေလိုက်နဲ့ပေါ့ဗျာ။ ရန်ကုန်သွားတာ အချိန်အဆင်ပြေရင် ကျွန်တော် အမေ့ဆီဝင်ထမင်းစားလေ့ရှိပါတယ်။

နတ္တလင်းကဆက်ထွက်လာခဲ့တာ ညနေ ၄ နာရီမှာ ရွှေတောင်ကိုရောက်ပါတယ်။ နောက်ဆုံးအကြိမ်ထပ်စုံစမ်းပါတယ်။ လမ်းသတင်းကိုပါ။ ကြားရတာပိုတောင်ဆိုးသေးတယ်။ ဆီဘောက်ဆာကား ၄ စီးလာတာ ပြည်ကို ၂ စီးပဲရောက်ပြီး ၂ စီးကချောင်းထဲမှာ ပိတ်မိနေတယ်လို့ဆိုပါတယ်။ ဒီလောက်ကြားရတာလုံလောက်သွားပါပြီ။ ကျွန်တော်တို့ ပြည်က န၀ဒေးတံတားကိုကူးပြီးသွားတဲ့လမ်းကို ရွေးလိုက်ကြပါတယ်။

ညနေ ၄ နာရီ ၃၀ မှာ ပြည်တဖက်ကမ်းကိုရောက်ပါတယ်။ ပန်းတောင်းမြို့နယ် လို့ဆိုပါတယ်။ အမျိုးသမီးဆီ လှမ်းဖုန်းဆက်လိုက်ပါတယ်။ ပြည် တဖက်ကမ်းကိုရောက်နေပြီ။ ရှေ့ရှောက်ဖုန်းကမိတော့မှာမဟုတ်ဘူး။ မင်းဘူးရောက်မှ ထပ်ဆက်မယ်လို့ပြောထားပြီး ဆက်ထွက်ခဲ့ကြပါတယ်။
ကံမ လမ်းခွဲကိုတွေ့ခဲ့ရပါတယ်။ ပြည် ကံမလို့ပြောပါတယ်။ မကွေးမှာလည်း ကံမရှိပါတယ်။ ရှိတာမှ နှစ်ခုတောင်ရှိတာပါ။ သေးသေးတင် ကံမ နဲ့ မနှစ်လုံးဆင့် ကမ္မ တို့ဖြစ်ပါတယ်။

အခုကစပြီးကျွန်တော်တွေ့ခဲ့တဲ့ ရွာတွေ မြို့တွေကို တောက်လျောက်ရေးမှာ ဖြစ်ပါတယ်။ တိုက်ဆိုင်လို့အဲဒီဖက်ရောက်ရင် လမ်းကြော ကြိုသိကြအောင်ပါ။
ကံမ လမ်းခွဲပြီးတော့ ညောင်ကိုင်းတမံ ၊ ဘုရားပေါ်ကျေးရွာ ၊ တောင်ပို့တွင်းကျေးရွာ ၊ ဒေါင်းမြတ်နားကျေးရွာ ၊ ရေမနောက်ကျေးရွာ ၊ ဗြူးကုန်းကျေးရွာ ၊ စွယ်တော်ရွာလမ်းခွဲ ၊ ပန်းတောင်းဘူတာသွားတဲ့လမ်း ၊ သီးကုန်းရွာ ၊ ညောင်ကုန်းရွာ ၊ ရေ၀င်ရွာကြီး ၊ ပန်းတောင်းလမ်းခွဲ ၊ ပဲကြီးအင်းကျေးရွာ ၊

No comments: