ရန်ကုန်ကိုနေဖြစ်ပြီး သိပ်မကြာခင်မှာပဲ နာနတ်တောလမ်းက ပြည်ရိပ်မွန်အိမ်ရာကို ပြောင်းပြီးနေဖြစ်ပါတယ်။ အဲဒီပြည်ရိပ်မွန်အိမ်ရာရဲ့ နာနတ်တောလမ်းဟိုဖက်ခြမ်းမှာ ကစားကွင်းကြီးရှိပါတယ်။ အဲဒီတုန်းကပါ။ ကစားကွင်းမှာ ဘောလုံးကန်လို့ရတယ်။ ဂိုးတိုင်နှစ်ဖက်လုပ်ထားပါတယ်။ ဒန်းစီးစရာရှိတယ်။ ဆီးဆောရှိတယ်။ ကွင်းကတော်တော်ကျယ်တော့ ညနေ ညနေဆို ရပ်ကွက်ထဲက ကလေးတော်တော်များများ အဲဒီကွင်းထဲမှာ ဆော့ပါတယ်။ ထူးထူးခြားခြား ဂေါက်သီးရိုက်ကျင့်နေတဲ့ အန်ကယ်ကြီးတစ်ယောက်တောင်ရှိပါတယ်။ သူများတွေ အန္တရာယ်မဖြစ်အောင် သူ့ဟာသူ ဖြေးဖြေးရိုက်နေတာပါ။
ခုနှစ်တော့ အတိအကျမမှတ်မိပါဘူး။ နာဂစ်မဖြစ်ခင်မှာ အဲဒီကွင်းကြီးကို တစ်ခြမ်းခြမ်းပြီးတော့ ဟိုဖက်ခြမ်းမှာ ဂေါက်သီး အဝေးရိုက်လေ့ကျင့်တဲ့ဟာ ဖွင့်ပါတယ်။ တစ်ဝက်ပဲကျန်တဲ့ကွင်းမှာပဲ ကလေးတွေ ဂိုးကျင်းကန်ကြ၊ စက်ဘီးစီးကြနဲ့ပါ။
နာဂစ်ဝင်ပါတယ်။
နာဂစ်ဝင်အပြီး ရန်ကုန်မှာ သစ်ပင်ကြီးတော်တော်များများ လဲပါတယ်။ လဲတဲ့သစ်ပင်ကြီးတွေရဲ့ ပင်စည်လောက်ကနေ အမြစ်ထိဖြတ်ပြီး အဲဒီ ဘောလုံးကွင်းတစ်ဝက်ထဲမှာ လာထားပါတယ်။ အဲဒီအချိန်ကစလို့ ကလေးတွေ ကစားတဲ့နေရာ ပျောက်သွားတာပါ။ အဲဒီသစ်မြစ်တွေ ၀ယ်လို့ရတယ်လို့သိရပါတယ်။ အဲဒီကွင်းနဲ့နာနတ်တောလမ်းဘေးမှာ တိုက်တန်းသစ်တွေရှိပါတယ်။
အခုတစ်ခေါက်ရန်ကုန်ရောက်တော့ အဲဒီနေရာကိုရောင်းလိုက်ပြီလို့သိရပါတယ်။ ခုနကပြောတဲ့ တိုက်တန်းတွေလည်း ဖယ်ပေးရမယ်ဆိုပါတယ်။
ကလေးတွေရဲ့ ကစားကွင်းနေရာ တဖြည်းဖြည်းပျောက်သွားတာ ကျွန်တော်နှမျောလိုက်တာဗျာ။
08 April, 2011
21 November, 2010
အစကောင်းမှ
တကယ်အလုပ်ဖြစ်နိုင်မယ့်အရာတွေနဲ့ စတင်ရင်ပိုသင့်လျှော်မယ်ထင်ပါတယ်။ ယုံကြည်မှုတည်ဆောက်တယ် ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပေမယ့် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။
09 November, 2010
အင်တာနက် ကျန်းမာရေး
၂၄-၁၀-၂၀၁၀ မှာ မုန်တိုင်းအကြောင်း post တစ်ခုတင်အပြီး နောက်နေ့ကစလို့ အင်တာနက်လိုင်း မကောင်းတော့ပါဘူး။ မေးကြည့်တော့ ဆီမီဝီ ၃ ပဲမကောင်းသလိုလို ဒီဒီအိုအက်စ်နဲ့ အတိုက်ခံရသလို ကြားရပါတယ်။ ဒီနေ့ ၉-၁၁-၂၀၁၀ မှာမှ ပြန်ကောင်းနေလို့ post ပြန်တင်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက် ကျန်းကျန်းမာမာ ရှိနေစေချင်ပါတယ်။
24 October, 2010
Cyclone Giri
မုန်းတိုက်တစ်ခု ၀င်ဖို့ရှိတယ်လို့ ၂၂ ရက်နေ့မနက်ကကြားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ လိမ္မော်ရောင် အဆင့်မုန်တိုင်းတစ်ခု ရှိတယ်ဆိုတာကတော့ ကြားတာကြာပါပြီ။ ဘယ်ဖက်သွားမလဲစောင့်ကြည့်ရင်းက ကိုယ်ဖက်ဝင်လာပါတယ်။ မုန်တိုင်းဆိုရင် နာဂစ်ပြီးကတည်းက ကြောက်တတ်ပါပြီ။ နာဂစ်မတိုင်ခင်က အကြားပဲရှိတာ နာဂစ်ကတော့ ကိုယ်တွေ့ကြုံခဲ့ရလို့ပါ။ တကယ်ဆို ကျွန်တော်က မကွေးရောက်နေတာပဲ။ နာဂစ်လွတ်ရမှာပါ။ ကျောင်းကိစ္စနဲ့ ရန်ကုန်ရောက်နေလို့ပါ။
အခုလည်း Giri တဲ့။ သတင်းတွေစောင့်နားထောင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပုဂံ FM မိတော့ အဲဒါကိုဖွင့်ပြီး မုန်တိုင်းသတင်းနားထောင်ပါတယ်။ FM ပြီးသွားချိန်မှာ MRTV ကနေစောင့်ကြည့်ပါတယ်။ ကျောက်ဖြူနားကနေ ၀င်လာတာသိရပါတယ်။ အရှေ့မြောက်ဖက်ကို ဆက်လက်ဦးတည်တယ်လို့ သိရပါတယ်။ မြေပုံပေါ်ထောက်ကြည့်ဖို့ မြေပုံရှာတာမတွေ့လို့ စိတ်မှန်းနဲ့ပဲ မှန်းကြည့်ပါတယ်။ ထူးခြားတာက ရခိုင်ကိုဖြတ်ပြီးတာတောင် အရှိန်က မရော့သေးတာပါ။ CODE Brown လို့ကြေငြာပါတယ်။ ရခိုင်ကိုစဖြတ်တော့ CODE Red နဲ့တူပါတယ်။ မိုးလေ၀သကကြေငြာတဲ့အထဲမှာ မကွေးကပါနေတော့ အမေကဖုန်းလှမ်းဆက်ပါတယ်။ မုန်တိုင်းကျလာရင် ဘာလုပ်မယ် ကြိုပြင်ထားပါတဲ့။ တခြားမြို့က သူငယ်ချင်းတွေကလည်း လှမ်းဆက်ကြပါတယ်။ ကျွန်တော်နေတဲ့နေရာက မြစ်ချောင်းနဲ့ဝေးတော့ ရေတက်မှာသိပ်မစိုးရိမ်ရပါဘူး။ နေတဲ့အဆောက်အအုံက ဆောက်ထားတာကြာပါပြီ။ လေပြင်းပြင်းတိုက်ရင် အမိုးလန်သွားနိုင်ပါတယ်။ နောက် အဆောင်တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ ယင်းမာပင်တွေ အတန်းလိုက် စိုက်ထားတာရှိပါတယ်။ ဘယ်ပညာရှိက စိုက်ခဲ့သလဲမသိပါ။ ယင်းမာက နွေရာသီ အရိပ်လိုတဲ့အချိန်မှာ ရိုးတံပြိုင်းပြိုင်းနဲ့ပါ။ ဆောင်းရာသီ နေရောင်လိုချိန်မှာ အရွက်တွေဝေလို့။ တစ်နှစ်ပတ်လုံး သိပ်သုံးလို့မရတဲ့အပင်ပါ။ အဲဒီအပင်တွေ လေပြင်းရင်လဲနိုင်ပါတယ်။ ဘယ်အပင်က ဘယ်ဖက်လဲနိုင်တယ် ကြိုတွက်ထားပါတယ်။ လုပ်နိုင်သလောက် လုပ်ထားတဲ့သဘောပါ။ လဲခါမှ ဘယ်ဖက်လဲလဲပေါ့။
၂၂ ရက်နေ့ည ၁၀ နာရီလောက်ကစပြီး လေတဖြူးဖြူးလာပါတယ်။ ကောင်းကင်ကလင်းနေပါတယ်။ ည ၂ နာရီကျော်လောက်မှာ လေနည်းနည်း ပြင်းလာပါတယ်။ ဒါပေမယ့် သိသာပါတယ်။ အဖျားခတ်တာ ဆိုတာပါ။ ၂၃ ရက်နေ့ မနက်မှာတော့ လေ မရှိတော့ပါဘူး။ မိုးတော့ တဖျောက်ဖျောက်ရွာတုန်းပါ။ များတော့ မများပါဘူး။ နေ့လည် ၂ နာရီလောက် မိုးမရွာတဲ့အချိန် အိမ်ကကျောင်းအမနဲ့ သမီးက မြို့ပတ်ကြည့်ချင်တယ် ဆိုတာနဲ့ ဆိုင်ကယ်နဲ့ထွက်ပြီး ပတ်ကြည့်ပါတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီး မကွေးအနေနဲ့ပြောရမယ်ဆိုရင် အပျက်အစီးကြီးကြီးမားမား မရှိပါ။ သစ်ပင်တွေတော့ လဲပါတယ်။ ကျောင်းဝင်းထဲလဲတာကို ၅ ပင်လောက်ရှိပါတယ်။ နောက်စုံစမ်းကြည့်တော့ ဧရာဝတီဟိုဖက်ခြမ်း ပွင့်ဖြူဖက်က ဖြတ်တယ်လို့ကြားပါတယ်။ အတိအကျတော့ မဟုတ်ပါဘူး။ ဘယ်ကမှလည်း သတင်းကို အချိန်နဲ့ တပြေးညီထုတ်ပြန်နိုင်တာ မတွေ့ပါဘူး။ ၂၃ ရက်နေ့ညနေ ၄ နာရီလောက်ကျတော့ မုံရွာဖက်မှာလို့ သိရပါတယ်။ မုံရွာကသူငယ်ချင်တွေဆီ ဖုန်းဆက်တော့ သူတို့လည်း အဖျားခတ်တာလောက် ခံရတယ်လို့ သိရပါတယ်။ သစ်ပင်လဲတာ အနည်းငယ်ရှိတယ်ဆိုပါတယ်။ ဒီလိုဆို မုန်တိုင်းက ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက သွားတယ်လို့ယူဆရပါတယ်။
၂၃ ည သတင်းတွေမှာတော့ CODE Green လို့ဆိုတာတွေ့ပါတယ်။ နောက် အားပျော့ပျောက်ကွယ်သွားပြီ လို့ တွေ့မှ ဟင်း ချနိုင်ပါတယ်။ ဒီမုန်တိုင်းက အဝေးကြီးရောက်အောင် သွားခဲ့တဲ့မုန်တိုင်းပါ။ ကျွန်တော့်သက်တမ်းတလျောက် ဒီလောက်ရောက်အောင် သွားခဲ့တဲ့ မုန်တိုင်းမသိခဲ့ဖူးပါ။ ကုန်းတွင်းပိုင်းကို အဝေးကြီးရောက်အောင် သွားခဲ့တာပါ။ မုန်တိုင်းပြီးသွားပေမယ့် နောက်ဆက်တွဲ လုပ်ရမှာတွေက အများကြီးပါ။ မုန်တိုင်းသင့် ပြည်သူတွေအတွက် စားဝတ်နေရေး ကျန်းမာရေး တတ်နိုင်သလောက် အားလုံးဝိုင်းလုပ်ကြရမှာပါ။
ရွေးကောက်ပွဲကလည်း နီးပြီလေ။ အရင်တစ်ခါ ဆန္ဒခံယူပွဲနားတုန်းက နာဂစ်ဝင်လာတယ်။ အခုတစ်ခါ ဂီရိတဲ့။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဘာမုန်တိုင်းမှ မဝင်ဘူးနဲ့တူတယ်။
11 October, 2010
Post တင်လို့ အဆင်မပြေပါ။ ခေါင်းစဉ်ပဲ ရေးလို့ရပါတယ်။
Post တင်လို့တော့ ရသွားပါပြီ။ မူလအခြေအနေတော့ ပြန်မရောက်သေးပါ။ ပုံတင်လို့ အဆင်မပြေသေးပါ။ Connection ကြောင့်မဟုတ်ပါ။ Connection က အထိုက်အလျောက် သုံးလို့ ရနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံးတော့ Connection မကောင်းပါ။
ရသွားပါပြီ။ ကျွန်တော်က post editor ကို update မှာထားတာပါ။ အရင်ကအဲဒါအဆင်ပြေပါတယ်။ အခု old editor ထားမှ ရပါတယ်။
Nobel Prize and Mathematics
Alfred Nobel က နှစ်စဉ် ပညာဆု ၅ ဆုကို တစ်ကမ္ဘာလုံးမှ အထူးချွန်ဆုံးသော ပုဂ္ဂိုလ်များအား ရွေးချယ်ပြီး ဆုချီးမြှင့်ရန် သေတမ်းစာတွင်မှာခဲ့ပြီး ဒေါ်လာ ၉ သန်း (၁၈၉၀ပြည့်လွန်နှစ်များကဖြစ်ပါသည်) ချန်ထားခဲ့ပါသည်။ ဆုပေးရန် သိပ္ပံနယ် ၃ ခု
(၁) Physics
(၂) Chemistry
(၃) Physiology or Medicine
နှင့် အခြားနယ်မှ ၂ ခု
(၄) Literature
(၅) Peace စသည်ဖြင့် သတ်မှတ်ပေးခဲ့ပါသည်။
ယခုအခါ Nobel ဆု ၆ ဆုပေးသည်ဟု မှတ်ယူနေကြပါသည်။ နောက်တိုးတစ်ဆုမှာ Nobel ၏ သေတမ်းစာတွင်မပါဘဲ Nobel အမှတ်တရအနေနှင့် Central Bank of Sweden ကချီးမြှင့်သော Economic Science နယ်ပယ်က ဖြစ်ပါသည်။ ဆုအမည် အပြည့်အစုံမှာ Severiges Riksbank Prize in Economic Science in Memory of Alfred Nobel ဖြစ်ပါသည်။ ၁၉၆၉ တွင် စတင်ချီးမြှင့်သည်ဟု သိရပါသည်။
Mathematics ကိုဘာကြောင့် ထည့်မစဉ်းစားခဲ့သနည်း။ Nobel အနေဖြင့် သင်္ချာထူးချွန်သူများကို အဘယ်ကြောင့် Nobel ဆု မပေးချင်သနည်း နှင့်ပတ်သက်ပြီး တင်မြင်ချက် အမျိုးမျိုးရှိပါသည်။ တိုထင်မြင်ချက်များထဲက အနည်းငယ်ကို ထုတ်နှုတ်ပြရမည်ဆိုလျှင်
၁၉၈၆ ခုနှစ် Springer-Verlag ကထုတ်သော International Mathematical Congresses, An Illustrated History (1893-1986) စာအုပ်၊ စာမျက်မှာ၃၉ တွင်ဖော်ပြထားချက်မှာ
Nobel Prizes & Mathematics
The widely circulated explanation of why there are no Nobel Prizes in mathematics is that Alfred Nobel wanted to make sure that the mathematician Mittag-Leffler would never be awarded a Nobel Prize.
လို့ ဖော်ပြထားပါတယ်။
အဲဒီမှာပါတဲ့ Mittag-Leffler ဆိုသူကတော့ ဆွီဒင်သင်္ချာပညာရှင် Gosta Mittag-Leffler ဖြစ်ပါတယ်။
နောက်ယူဆချက်တစ်ခုကတော့ ဝီကီကဖြစ်ပါတယ်။ ဝီကီက ဒီလိုဆိုပါတယ်။
(http://en.wikipedia.org/wiki/G%C3%B6sta_Mittag-Leffler)
A legend that Alfred Nobel did not set up a prize in Mathematics because of a thwarted affair with Signe Lindfors is not supported by historical evidence.
Signe Lindfors က Gosta Mittag-Leffler ရဲ့ဇနီးပါ။
08 October, 2010
မနက်စောစော
မနက်စောစောလို့ ရေးသာရေးလိုက်ရတယ်။ အချိန်က ၈ နာရီလောက်ရှိနေပြီ။ ကိုယ်က ၁၀ နာရီလောက်မှ ထတာဆိုတော့ ၈ နာရီကစောစောပဲပေါ့။ ညကမိုးတော်တော်ရွာပါတယ်။ မနေ့ညကလည်း ရွာတယ်။ မီးပျက်သွားတော့ စောစောအိပ်ရာဝင်ခဲ့တာပေါ့။ မနက်အမျိုးသမီးက ဈေးသွားမယ်ဆိုလို့ လိုက်ပို့ပါတယ်။ ကန်သာဈေးကိုပါ။ ပုံမှန်သွားရင် တောင်တွင်းလမ်းက သွားနေကျပါ။ ဒီနေ့တော့ ဂျာနယ်ဝယ်ချင်တာနဲ့ အ၀ိုင်းဖက်က သွားပါတယ်။ အ၀ိုင်းနားမှာ သစ်ပင်တစ်ပင် အမြစ်ကကျွတ်လဲနေတာတွေ့ပါတယ်။ ထနောင်းပင်လို့ထင်ပါတယ်။ ဓါတ်ပုံရိုက်ချင်လိုက်တာ။ ကင်မရာကလည်းမပါခဲ့။ ဒါနဲ့ပဲ အမျိုးသမီးကိုဈေးပို့။ အိမ်ပြန်ကင်မရာယူပြီး ရိုက်ထားတာပါ။
ကျွန်တော်တို့ဈေးသွားတဲ့အချိန်တုန်းကတော့ လမ်းပေါ်မှာ ပိတ်နေပါတယ်။ တာဝန်ရှိတဲ့သူတွေ စရှင်းနေတာတွေ့ခဲ့ရပါတယ်။
ဈေးကပြန်လာတော့ ၉ နာရီခွဲလောက်ရှိပြီထင်ပါတယ်။ လမ်းတစ်ဖက်ပွင့်နေပါပြီ။
ဘယ်နားမှာလဲဆိုတော့ ကျွန်တော်တို့ကျောင်းနားလေးမှာ လမ်းငါးသွယ်ဆိုတဲ့ အ၀ိုင်းရှိပါတယ်။ အ၀ိုင်းနားမှာ သာလှဆိုတဲ့ဆိုင် ၂ ဆိုင်ရှိပါတယ်။ တစ်ဆိုင်က စားသောက်ကုန်ရောင်းတဲ့ စတိုးဆိုင်၊ တစ်ဆိုင်ကတော့ အ၀တ်အစားရောင်းတဲ့ဆိုင်ပါ။ အ၀တ်အစားရောင်းတဲ့ သာလှဆိုင်ရှေ့လောက်မှာပါ။
14 September, 2010
မိုးရွာတော့
မိုးရွာတော့ ဘာဖြစ်သလဲဆိုရင် မီးပျက်တာပေါ့ဗျာ။ ဓါတ်တူနံတူမို့လားမသိပါဘူး။ မီးပျက်တော့ အခုခေတ်စကားနဲ့ပြောရရင် ရွာလည်တာပေါ့။ ကွန်ပျူတာသင်တန်းဆိုတာ မီးမှမလာရင်တော့ဖြင့် ဘာမှဆက်လုပ်လို့ မရဘဲကိုး။ သင်တန်းသားတွေကို နောက်နေ့ပြန်ချိန်း၊ သင်တန်းဆရာတွေကို သင်ခန်းစာတွေစစ်ရအောင် ည ၈ နာရီမတိုင်ခင် မီးလာရင်ပြန်လာခဲ့ကြပါလို့ ချိန်း လုပ်ရပါတယ်။ မိုးရွာရင် မီးပျက်တာနဲ့ပတ်သက်ပြီး လက်ထောက်အင်ဂျင်နီယာတစ်ယောက်ကပြောဖူးပါတယ်။ သစ်ကိုင်းတွေက ဓါတ်ကြိုးတွေနဲ့ ထိနေတာတွေရှိတယ်။ မိုးရွာရင် သစ်ကိုင်းတွေကမိုးရည်နဲ့ ဓါတ်ကြိုးတစ်ကြိုးနဲ့တစ်ကြိုး သွားပူးသလိုဖြစ်သွားတော့ ရှော့ဖြစ်ပြီးမီးပျက်တာများပါတယ်တဲ့။
မိုးများလာရင် ကျွန်တော်တို့စာသင်ခန်း ဆင်ဝင်အောက်မှာ ရေကအဲဒီလို စုလာတတ်ပါတယ်။
ဆိုင်ကယ် ပလပ်ထဲရေ၀င်မှာစိုးလို့ ဆိုင်ကယ်တွေကို နေရာရွှေ့ရပါတယ်။
13 September, 2010
မှတ်တမ်းတင်ပါသည်
မကွေးတက္ကသိုလ် အရှေ့တိုင်းဌာနမှ လက်ထောက်ကထိက ဆရာမဒေါ်နုနုယဉ် ကွယ်လွန်သွားပါကြောင်း ကြားသိရသဖြင့် မိသားစုနှင့်ထပ်တူ ၀မ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Subscribe to:
Comments (Atom)
