25 April, 2011

Phzilla Addon


ကျွန်တော်တို့ ကိုယ်ကြည့်ချင်တဲ့ Site ကြည့်လို့မရခဲ့ရင် ဘယ်လိုကြိုးစားကြည့်ကြပါသလဲ။ ကျွန်တော် အရင်က Software တချို့နဲ့ Proxy ကျော်ပေးတဲ့ Page တချို့ကနေကြိုးစားကြည့်ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အခုပြောမယ့် Addon လေးကိုသဘောကျလို့ အဲဒါကိုပဲ သုံးဖြစ်ပါတယ်။ တော်တော် အဆင်ပြေပါတယ်။ သုံးရတာလည်းလွယ်ပါတယ်။ အောက်မှာပြထားတဲ့နေရာကနေ download လုပ်၊ ပြီးရင် install လုပ်ပြီး အလွယ်တကူသုံးယုံပါပဲ။










ကိုယ်သွားချင်တဲ့နေရာ သွားလို့မရရင် အဲဒီမျှားအစိမ်းလေးပြထားတဲ့နေရာမှာနှိပ်ပြီး ဆက်သွားနိုင်ပါတယ်။

23 April, 2011

email နှင့် post ခြင်း

email နဲ့ post စမ်းတင်ကြည့်တာပါ။ ဒီနည်းကလည်း ကျွန်တော်တို့အတွက် အသုံးဝင်လှပါတယ်။ ဘလော့ထဲ ဝင်ရခက်နေချိန် post ကလည်းတင်စရာရှိနေတယ်ဆိုရင် သုံးလို့ အဆင်ပြေပါတယ်။

ပထမဦးဆုံးတော့ ကိုယ့်ဘလော့ကို sign in လုပ်ရမှာပါ။ ပြီးရင်

Settings အောက်က Email & Mobile Tab ကိုသွားရမှာပါ။ BlogSend Address အကွက်ထဲမှာ ကိုယ် post တင်တဲ့အချိန်မှာ သုံးမယ့် email လိပ်စာထည့်ရမှာပါ။ အဲဒီနောက်


Posting Options မှာ Email Posting Address နောက်ကသူပေးထားတာကို မှတ်ထားရပါ့မယ်။ အဲဒီမှတ်ထားတဲ့လိပ်စာဆီကို လှမ်းပို့ရမှာပါ။ ပြီးရင် SAVE SETTINGS ကိုနှိပ်။ email နဲ့ post လှမ်းတင်လို့ ရပါပြီခင်ဗျာ။
BlogSend Address မှာ ကိုယ်ပေးထားခဲ့တဲ့ လိပ်စာအတိုင်း sign in လုပ်။ Subject နေရာမှာ ကိုယ်ရေးချင်တဲ့ post ရဲ့ခေါင်စဉ်ထား။ အောက်မှာပြထားတဲ့အတိုင်းပါ။


အားလုံးအဆင်ပြေကြပါစေ။

16 April, 2011

International Mathematical Olympiad 2011

(Figure from https://www.imo2011.nl)
The 52nd International Mathematical Olympiad will be held in Amsterdam, Netherlands from 16 to 24 July 2011. The official website is https://www.imo2011.nl .

15 April, 2011

သင်္ကြန်

သင်္ကြန်ကို ဘာအယူအဆနဲ့ပဲ လက်ခံခဲ့ကြပါစေ၊ ဒီနှစ်သင်္ကြန် ရောက်ပြန်ပါပြီ။


သင်္ကြန်ရောက်ပြီဆိုမှဖြင့် ရေပက်ခံချင်တဲ့သူတွေက ရေပက်ခံထွက်တယ်။ ရေပက်ချင်တဲ့သူတွေက ရေပက်တယ်။ တရားစခန်းဝင်ချင်တဲ့သူတွေ တရားစခန်းဝင်၊ အေးအေးကိုယ့်ဟာကိုနေချင်တဲ့သူတွေက အိမ်မှာကိုယ့်ဟာကိုနေကြ ကိုယ်နေချင်တဲ့ပုံစံကိုယ့်ဟာကို ရွေးနေကြတာပါပဲ။ ကျွန်တော်ငယ်ငယ်ကတော့ ဂိမ်းစက်ငှားပြီး အိမ်မှာပဲ ဂိမ်းဆော့နေလေ့ရှိပါတယ်။ အဖေနဲ့ အမေကလည်း ရေမဆော့စေချင်၊ ကျွန်တော်ကိုယ်တိုင်လည်း ရေဆော့ဖို့ စိတ်မပါလှပါဘူး။ မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ သင်္ကြန်ကားလေး တွေကိုလည်း ကြည့်ဖြစ်ပါတယ်။ စိတ်ထဲမှာ အမှတ်ရနေတာတွေကတော့ သင်္ကြန်မိုးဇာတ်ကားနဲ့ မောင်တို့ချယ်ရီမြေဇာတ်ကားပါ။





သင်္ကြန်မိုးဆိုလို့ ဒီနှစ် မကွေးမှာ သင်္ကြန်မိုး မရွာပါ။ အရင်တုန်းကတော့ သင်္ကြန်အကြိုနေ့မှာ ရွာတတ်တယ် ထင်ပါတယ်။ အဲလိုရွာပြီးရင်ပိတောက်တွေပွင့်။ သင်္ကြန်နဲ့ပိတောက်။ အော် ဒါနဲ့ ပြီးခဲ့တဲ့မတ်လထဲတုန်းက မိုးထရွာလို့ ပိတောက်တွေပွင့်ခဲ့ကြပါသေးတယ်။

အကြိုနေ့ညမှာ မြန်မာ့ရုပ်မြင်သံကြားက သင်္ကြန်ကားတွေလာလောက်မှာပဲလို့တွေးပြီး အင်တီနာကြိုးကို အိပ်ခန်းထဲရောက်အောင် ဆွဲပါတယ်။ အင်တီနာကြိုးဖြုတ်ထားပြီး မြန်မာ့ရုပ်မြင်သံကြား မကြည့်ဖြစ်တာ တော်တော်ကြာပါပြီ။ အင်တီနာကြိုးဆွဲလို့ အဆင်ပြေပြီးသကာလ တီဗွီဖွင့်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်မိုးဇာတ်ကား လာနေပါတယ်။ ကိုငြိမ်းမောင်နဲ့ မြခက်တို့ သားလေး သက်ထွေးမွေးခါနီးအခန်းဆိုတော့ တစ်ဝက်လောက်ရှိပြီထင်ပါတယ်။ ဒါနဲ့ပဲ ဂိမ်းဆော့နေတဲ့ သမီးကြီးကိုခေါ် သူ့ကိုပါကြည့်ခိုင်းပါတယ်။

 ဖေဖေတို့ငယ်ငယ်တုန်းက ဇာတ်ကားသမီး၊ အဲဒီတုန်းက သင်္ကြန်ရဲ့ပုံစံလေးတွေ ကြည့်ပါဦးလို့ ပြောပြီးတော့ပါ။ သူလည်းသိပ်စိတ်မပါပေမယ့် ကျွန်တော်ပြောလို့ ပြီးအောင်တော့ ကြည့်သွားပါတယ်။ ခေတ်ကတော်တော်ကွာနေတော့ ကြည့်ရတာ သိပ်အဆင်မပြေဘူးထင်ပါတယ်။

ဒီနှစ်သင်္ကြန်ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ပါ။ အကြိုနေ့ အကျနေ့တွေမှာ အိမ်ကကျောင်းအမက ကျောင်းသွားပါတယ်။ သူ့စာစစ်လုပ်ငန်းမပြီးသေးလို့ပါ။ ကျွန်တော်ကတော့ အိမ်မှာ ကလေးထိန်းလိုက်၊ လုပ်စရာပေါ်လာရင်ကျောင်းသွား လုပ်လိုက်နဲ့ပေါ့။ အကြတ်နေ့မှာသူကကျောင်းသွားစရာမလိုတော့လို့ ကျွန်တော်လည်း လွတ်လွတ်လပ်လပ်ဒီPostလေးထိုင်ရေးခဲ့ပါတယ်။

အတက်နေ့မှာတော့ ရန်ကုန်ကသူ့ဆွေမျိုးတွေရောက်လာကြပြီး ညနေ ရေပက်ခံထွက်ဖို့ပြင်နေကြပါတယ်။ ကျွန်တော်ကတော့ ကျောင်းမှာ လုပ်စရာရှိတာလေး လက်စသတ်၊ ဒီPost လေးပြီးအောင်ဆက်ရေးနေ ပါတယ်။ အခုရေးနေတဲ့အချိန်မှာ ကျောင်းပေါက်ဝမှာ ရန်တွေဖြစ်နေကြပါတယ်။ အရိုက်ခံရတဲ့သူက ခေါင်းကွဲ ဆူညံနေတာပါပဲဗျာ။ မူးပြီးအော်ဟစ်နေတဲ့သူတွေနဲ့၊ ဒါတွေဖြစ်တာများတော့ သင်္ကြန်မှာပဲ ဒါတွေဖြစ်သလိုလို ထင်လာကြတယ်။ သင်္ကြန်မှာမှ မဟုတ်ပါဘူး။ အမြဲလို ဖြစ်နေတာပါ။ ကျွန်တော်တို့ ပြင်သင့်တာတွေကို ပြင်ကြရင်း ရှေ့ဆက်ကြရပါမယ်။



မနက်ဖြန်ဆို နှစ်ဆန်းတစ်ရက်နေ့ နှစ်ကူးပါပြီ။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ တိုင်းပြည်အကျိုး ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်နိုင်ကြပါစေ။ ကျွန်တော့်ဘလော့(kyihtinpaw.blogspot.com) မှာ ဒီ Post လေးတင်ရင်း အားလုံးဆီကို mail ပို့လိုက်တာပါ။
ကြည်ထင်ပေါ်

12 April, 2011

ဓါတ်ဆီစာအုပ်

ဓါတ်ဆီထုတ်ရာမှာ တော်တော်အဆင်မပြေဖြစ်ပြီးသကာလ ဆီစာအုပ်တွေပြန်လုပ်ပေးမယ်လို့ ဆိုပါတယ်။ အဲဒီနေ့က ကျွန်တော့်မိတ်ဆွေက ဆီစာအုပ်သွားလုပ်မယ်၊ လုပ်ချင်ရင် Owner Book ပေးလိုက်ပါဆိုလို့ ပေးလိုက်ပါတယ်။ ညနေကျတော့ မနက်ဖြန်ချိန်းတယ်လို့ဆိုပါတယ်။ တစ်ပတ်လောက်နေအပြီး သူကလာပြောပါတယ်။ စာအုပ်လုပ်ရတာ တော်တော်စိတ်လေသွားပြီတဲ့။ ဟိုနေ့ချိန်းလိုက်၊ ဒီနေ့ချိန်းလိုက် အဆင်မပြေသေးဘူးလို့ဆိုပါတယ်။ ဒါနဲ့ပဲ မေ့မေ့ပျောက်ပျောက်ထားနေရာမှ တနေ့က ဆီစာအုပ်ရလို့လာပေးပါတယ်။ သူ့စာအုပ်တော့ မရသေးဘူးတဲ့။ ဆီစာအုပ်ကိုကြည့်လိုက်တော့ ၁၀၀ကျပ်တန် Top Choice ဗလာစာအုပ်လေးကို ဆိုင်တံဆိပ်တုန်းရိုက်ထားတာပါ။ ဆီထုတ်လို့ရမယ့် ရက်နှစ်ရက်ရေးထားပါတယ်။

မနေ့က တပည့်မတစ်ယောက်ကဖုန်းဆက်ပါတယ်။ ဒီနေ့ဆီသွားထုတ်မလို့ ထုတ်ဦးမလားပေါ့။ ရသလောက်လေးထုတ်ထားဦးမယ်လို့ စိတ်ကူးရင်း လာခေါ်ဖို့ပြောလိုက်ပါတယ်။ ဘယ်အချိန်လာမှာတုန်း မေးလိုက်တော့ မနက် ၅ နာရီတဲ့။ ဟာ နင့်ဟာကစောလှချည်လားဆိုတော့ အဲဒီအချိန်သွားမှ ရှေ့နားရောက်ပြီး မြန်မြန်ရမှာတဲ့။ ဒီနေ့ မနက် ၄ နာရီခွဲလောက် သူရောက်လာလို့ ညီမဖြစ်သူကို လိုက်သွားဖို့ ပြောပါတယ်။ ၄နာရီခွဲဆိုတော့ ညီမလုပ်သူလည်း အိပ်ချင်မူးတူး၊ မကျေမနပ်နဲ့ လိုက်သွားပါတယ်။ ၇ နာရီ ခွဲမှ ပြန်ရောက်လာပါတယ်။ ဘယ်လိုလဲမေးကြည့်တော့ ဆိုင်ကယ်တွေကို တန်းစီရတာတဲ့။ နည်းတဲ့တန်းမဟုတ်ဘူးလို့ဆိုပါတယ်။ ဂါလံဝက် ဆိုင်ကယ်ထဲကို ထည့်ပေးလိုက်တယ်တဲ့။ ဈေးကတော့ နဂိုထုတ်ဈေးအတိုင်းပါပဲ။ အပြင်နဲ့တော့ ဈေးကတော်တော် ကွာပါတယ်။ အပြင်မှာ အခု တစ်ဂါလံ ၆၀၀၀ ကျပ်ပါ။

11 April, 2011

တက္ကသိုလ်ဆရာ၊ဆရာမများ

တက္ကသိုလ်ဆရာ၊ ဆရာမများ ဘာတွေလုပ်ကြရသလဲ။ ကျွန်တော်အခုရောက်နေတဲ့ မကွေးတက္ကသိုလ်ကို အခြေခံပြီး ရေးမှာပါ။
ဧပြီလ -
၁ ရက်နေ့မှစတင်ကာ Code ပြုလုပ်ထားသော တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စစ်ဆေးနေကြပါတယ်။ စစ်ဆေးအပြီး Coded Mark စာရင်းများကို ပါမောက္ခချုပ်ထံသို့ ပေးပို့ကြရပါသည်။ ထိုလုပ်ငန်းစဉ်မှာ ခန့်မှန်းချေ သြင်္ကန်အကြိုနေ့ထိ ဆောင်ရွက်ရတတ်ပါသည်။ ပါမောက္ခချုပ်နှင့် အောင်စာရင်းပြုစုရေးအဖွဲ့က ထိုအမှတ်စာရင်းများအားလုံးကို စုစည်းပြီး ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်ပို့ကြရပါသည်။ ကုဒ်မခွာခင် မတ်လအတွင်း စစ်ဆေးခဲ့သော Day စာမေးပွဲ ရလဒ်များကို စစ်ခဲ့ကြရပါသည်။

၂၀ ရက်ကျော်ရက်များတွင် Code ခွာသည့်လုပ်ငန်းကို လုပ်ကြရပါသည်။ နောက်ဆုံးအပတ်အတွင်း အမှတ်များကို ပါမောက္ခချုပ်ထံသို့ ပေးပို့ကြရပါသည်။ ထို့ကြောင့် ဧပြီလတွင် တက္ကသိုလ်ဆရာ၊ ဆရာမများသည် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးသည့်ကိစ္စ ၊ Day စာမေးပွဲ ရလဒ်များကို စစ်သည့် ကိစ္စ များနှင့် ပတ်သက်ပြီး အချိန်ပေးကြရပါသည်။ ဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီ၊ သမိုင်း၊ စီးပွားရေးပညာ ဌာနများမှ ဆရာ၊ ဆရာမများအားလုံး အကြုံးဝင်ပါသည်။ ကျန် ဘာသာရပ်များဖြစ်သည့် စိတ်ပညာ၊ အရှေ့တိုင်ပညာ၊ ဥပဒေပညာ၊ မှ ဆရာ ဆရာမများသည် Day စာမေးပွဲ ရလဒ်များကို စစ်သည့် ကိစ္စ များနှင့် ပတ်သက်ပြီး အချိန်ပေးကြရပါသည်။



မေလ -



ဇွန်လ -



ဇူလိုင်လ -



သြဂုတ်လ -



စက်တင်ဘာလ -



အောက်တိုဘာလ -



နိုဝင်ဘာလ -



ဒီဇင်ဘာလ -



ဇန်နဝါရီလ -



ဖေဖော်ဝါရီလ -



မတ်လ -

08 April, 2011

ကလေးများအတွက် ကစားကွင်း

ရန်ကုန်ကိုနေဖြစ်ပြီး သိပ်မကြာခင်မှာပဲ နာနတ်တောလမ်းက ပြည်ရိပ်မွန်အိမ်ရာကို ပြောင်းပြီးနေဖြစ်ပါတယ်။ အဲဒီပြည်ရိပ်မွန်အိမ်ရာရဲ့ နာနတ်တောလမ်းဟိုဖက်ခြမ်းမှာ ကစားကွင်းကြီးရှိပါတယ်။ အဲဒီတုန်းကပါ။ ကစားကွင်းမှာ ဘောလုံးကန်လို့ရတယ်။ ဂိုးတိုင်နှစ်ဖက်လုပ်ထားပါတယ်။ ဒန်းစီးစရာရှိတယ်။ ဆီးဆောရှိတယ်။ ကွင်းကတော်တော်ကျယ်တော့ ညနေ ညနေဆို ရပ်ကွက်ထဲက ကလေးတော်တော်များများ အဲဒီကွင်းထဲမှာ ဆော့ပါတယ်။ ထူးထူးခြားခြား ဂေါက်သီးရိုက်ကျင့်နေတဲ့ အန်ကယ်ကြီးတစ်ယောက်တောင်ရှိပါတယ်။ သူများတွေ အန္တရာယ်မဖြစ်အောင် သူ့ဟာသူ ဖြေးဖြေးရိုက်နေတာပါ။
ခုနှစ်တော့ အတိအကျမမှတ်မိပါဘူး။ နာဂစ်မဖြစ်ခင်မှာ အဲဒီကွင်းကြီးကို တစ်ခြမ်းခြမ်းပြီးတော့ ဟိုဖက်ခြမ်းမှာ ဂေါက်သီး အဝေးရိုက်လေ့ကျင့်တဲ့ဟာ ဖွင့်ပါတယ်။ တစ်ဝက်ပဲကျန်တဲ့ကွင်းမှာပဲ ကလေးတွေ ဂိုးကျင်းကန်ကြ၊ စက်ဘီးစီးကြနဲ့ပါ။
နာဂစ်ဝင်ပါတယ်။
နာဂစ်ဝင်အပြီး ရန်ကုန်မှာ သစ်ပင်ကြီးတော်တော်များများ လဲပါတယ်။ လဲတဲ့သစ်ပင်ကြီးတွေရဲ့ ပင်စည်လောက်ကနေ အမြစ်ထိဖြတ်ပြီး အဲဒီ ဘောလုံးကွင်းတစ်ဝက်ထဲမှာ လာထားပါတယ်။ အဲဒီအချိန်ကစလို့ ကလေးတွေ ကစားတဲ့နေရာ ပျောက်သွားတာပါ။ အဲဒီသစ်မြစ်တွေ ၀ယ်လို့ရတယ်လို့သိရပါတယ်။ အဲဒီကွင်းနဲ့နာနတ်တောလမ်းဘေးမှာ တိုက်တန်းသစ်တွေရှိပါတယ်။
အခုတစ်ခေါက်ရန်ကုန်ရောက်တော့ အဲဒီနေရာကိုရောင်းလိုက်ပြီလို့သိရပါတယ်။ ခုနကပြောတဲ့ တိုက်တန်းတွေလည်း ဖယ်ပေးရမယ်ဆိုပါတယ်။
ကလေးတွေရဲ့ ကစားကွင်းနေရာ တဖြည်းဖြည်းပျောက်သွားတာ ကျွန်တော်နှမျောလိုက်တာဗျာ။