26 April, 2014

iOS 7.1.1

iOS 7 ထွက်တော့ တင်ဖို့ကြိုးစားပါတယ်။ အင်တာနက် speed ဘယ်လိုမှ အဆင်မပြေလို့ ဆိုင်သွားပြီး update လုပ်ခိုင်းရပါတယ်။ မကြာခင် မြန်မာစာ ကြည့်လို့ရလာတယ်။ profile မှာ ဝင်တင်လိုက်တာ။ နောက် 7.1 ထွက်တယ်။ မြန်မာစာ အဆင်မပြေတော့ဘူးလို့ အသံတွေ ကြားနေရပါတယ်။ ဒါပေမယ့် တင်ချင်စိတ်က ထိမ်းမရ သိမ်းမရဖြစ်ပြီး ဖုန်းမှာ တင်ပြီး စမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သိထားတဲ့အတိုင်းပဲ မြန်မာစာ အဆင်မပြေတော့ပါဘူး။ အတုံးလေးတွေပဲ မြင်ရပါတော့တယ်။ ဒါနဲ့ iPad မှာ မတင်တော့ပဲဒီအတိုင်းထားလိုက်ပါတယ်။ ဒီနေ့ 7.1.1 update လုပ်လို့ရပြီဆိုတာ တွေ့လို့ update လုပ်ပါတယ်။ မြန်မာစာကတော့ မရသေးပါခင်ဗျား။

မြန်မာစာ ကြည့်လိုသူများအတွက် iOS 7 နဲ့ပဲ လောလောဆယ် သုံးသင့်ပါကြောင်း ခင်ဗျား။

24 April, 2014

ချစ်သူ သူ့ကိုပစ်ခွာသွားလေပြီ။

(November 18, 2011 at 11:29 pm) က ရေးထားခဲ့တာပါ။ Facebook Note ထဲကနေ ဘလော့ထဲ ရွေ့ထားတာပါခင်ဗျား။
ဒီနေ့မနက် အိမ်ကထွက်လာတော့ စိတ်တော်တော်လေးနေမိပါတယ်။ ဖြစ်တော့မယ်ဆိုတာလည်း သိနေတယ်။ ဘေးတီးသံတွေ တောခြောက်သံတွေ ချော့မြှူသံတွေနဲ့အတူ ... ၊ အမြဲမခွဲစတမ်း အတူလျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ မဝံ့မရဲ ယုံကြည်ထားတာတွေ...။
အင်တာနက်မကိုင်ချင်ဘူး... မတွေ့ချင်မမြင်ချင် မကြားချင်တာတွေ ကြားရတော့မယ် မြင်ရတော့မယ်ဆိုတာ သေချာတယ်။
မျှော်လင့်စိတ်လေး တည်းတည်းလေးနဲ့ပဲ Facebook ကိုဖွင့်ပါတယ်။ ချစ်သူရဲ့ Facebook ကိုသွားကြည့်တော့ In a relationship with ဆိုတဲ့နေရာမှာ တခြားသူနာမည်ဖြစ်သွားပါပြီ။
ချစ်သူ သူ့ကိုပစ်ခွာသွားလေပြီ။
စိတ်မပျက်ပါဘူး။ စိတ်မကောင်းအတော်ဖြစ်မိပါတယ်။
ချစ်သူစွန့်ခွာသွားခြင်းခံရသူ တဦးရဲ့ ရင်ဖွင့်သံကို တင်ထားတာပါ။

22 April, 2014

မအိပ်ချင်ဘဲအိပ်ရရင်

(လွန်ခဲ့တဲ့ (၄) နှစ်လောက်က ၂၀၁၀ လောက်က ရေးထားတဲ့ စာစုလို့ ထင်ပါတယ်။ Date အတိအကျနဲ့ မှတ်မထားမိပါဘူး)

မနေ့ညက မအိပ်ချင်လဲ အိပ်လိုက်ရတယ်။ အိပ်လိုက်ရတယ် ဆိုတာထက် အိပ်ရာဝင်လိုက်ရတယ်ဆိုရင် ပိုမှန်မှာပေါ့။ မအိပ်ချင်ဘဲလို့ဆိုရာမှာလည်း ခန္ဓာကိုယ်ကတော့ဖြင့် နည်းနည်းပင်ပန်းပြီး အိပ်စေချင်နေပြီ။ စိတ်က မအိပ်ချင်သေးဘူး။ ဘယ်အိပ်ချင်လိမ့်မှာတုန်း

အာဆင်နယ်က စပါးကွင်းသွားပြီး ကာလင်းဖလားကန်တဲ့ပွဲက Live လာနေတာကိုး။ အာဆင်နယ်က တစ်ဂိုးသွင်း၊ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ စပါးက ရောဘီကိန်းက တစ်ဂိုးပြန်သွင်း ဖြစ်နေလေရဲ့။ အာဆင်နယ်ရတဲ့ ပင်နယ်တီ ၂ လုံးကို နာဆရီက ဝင်အောင်ကန်လို့ ၁-၃ ဖြစ်သွားတယ်။ ပင်နယ်တီ ၂ လုံးက အချိန်ပို ပထမပိုင်းမှာ ရတာ။ ဟိုးအရင်တုန်းက ပွဲချိန် မိနစ် ၉၀ မှာ သရေကျရင် ကွင်းပြောင်း ကန်ရလေ့ရှိတယ်။ စပါး - အာဆင်နယ် သရေ ကျ ရင် အာဆင်နယ် - စပါး ဆက်ကန်။ အဲဒီမှာမှ သရေ ဖြစ်နေသေးရင် အချိန်ပိုတွေ ပင်နယ်တီတွေ လာတာပေါ့ဗျာ။ ဘောလုံးပွဲတစ်ပွဲမှာ အိမ်ရှင်ကို ရှေ့ကထားခေါ်လေ့ရှိပါတယ်။ စပါး - အာဆင်နယ်ဆိုရင် စပါးက အိမ်ရှင်၊ စပါးကွင်းမှာ ကစားတာပါ။ အခုနောက်ပိုင်း အင်္ဂလန်က ကလပ်အသင်းတွေ ကန်ရတဲ့ပွဲတွေ များတယ်ဆိုပြီး ကာလင်းဖလားမှာ အောက်ပွဲတွေဆို တစ်ပွဲပြတ်ပဲ ကန်ပါတယ်။ ဆီမီးရောက်မှ အိမ်ကွင်း အဝေးကွင်း ၂ ပွဲကန်ရပါတယ်။ ဒါက ကာလင်းဖလားလုပ်တဲ့ပုံစံပါ။

ခုနကပွဲအကြောင်းပြန်ဆက်ရမယ်ဆိုရင်အချိန်ပို ဒုတိယပိုင်မှာ အာရှာဗင်က တစ်ဂိုးထပ်သွင်းလို့ ၁-၄ ဖြစ်သွားပါတယ်။ စပါးပရိတ်သတ်တွေ ကွင်းထဲက ထွက်ခွါစပြုနေပါပြီ။

ဒါပေမယ့် ကိုယ်ကမထနိုင်ဖြစ်နေပါတယ်။ နာရီကြည့်တော့ မနက် ၃ နာရီ ၂၀ ရှိနေပြီ။ အိပ်ရာဝင်မှပဲဆိုပြီး တီဗွီကို မပိတ်ချင် ပိတ်ချင် ပိတ်လိုက်ပါတယ်။ အိပ်ရာထဲရောက်ရင် အိပ်ပြီဟေ့ဆိုပြီး မီးခလုတ်ပိတ်သလို တန်းအိပ်ပျော်တာမှ မဟုတ်ဘဲ။

မအိပ်ခင် စာဖတ်တဲ့ အလေ့အကျင့်ကရှိလေတော့ အိပ်ရာထဲရောက်ရင် စာလေးနည်းနည်းဖတ်၊ ပြီးရင် တောင်တွေး မြောက်တွေးမတွေးဘဲ အကြောအချဉ်လေးကိုလျော့ အဲလို အခြေအနေလေး တည်ငြိမ်လာပြီဆိုမှ တဖြည်းဖြည်းနဲ့ မျက်ခွံလေးတွေလေး၊ အသက်ရှုလေးတွေမှန်ပြီ အိပ်ပျော်သွားမှာလေ။ အဲဒီအခြေအနေတွေထဲက တစ်ခုခု ပျက်ရွင်းပြီဆိုမှတော့ဘယ်လိုလုပ် အိပ်ပျော်မှာတုန်း။

မနက်ထစရာရှိလို့ အိပ်သင့်ပါပြီဆိုကာမှ အိုင်းစတိုင်းနဲ့ နီဘိုလ်ဆွေးနွေးခဲ့ကြတဲ့ ဘုရားသခင် ကြွေအံကစားခဲ့သလား (Does God Plays Dice) ပါတဲ့အကြောင်း သွားဖတ်မိလေတော့ ဟိုစာအုပ် ထလှန်ရမလို ကွန်ပျူတာပြန်ဖွင့်ပြီး ရှာရမလိုဖြစ်ပြန်ရောဗျာ။ စာထဲပါတဲ့အကြောင်းတွေထဲမှာ မသိတာတွေကတော်တော်များများပါတော့ ဟိုကပါရမီရှင်တွေ ပဂေးကြီးတွေ လုပ်ခဲ့ကြတာကို သိချင်ဦးဟဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း စာအုပ်အသာချ အိပ်ဖို့ အားယူရပါတယ်။ အိုင်းစတိုင်းပြောခဲ့တဲ့ hidden variable လေး ငါ့ခေါင်းအုံးအောက်ကတွေ့ရင် ကော်တာပဲလို့ တွေးမိရင်း သဘောတွေကျလို့ ပြုံးမိပါသေးတယ်။

စိတ်ထဲမှာတော့ မအိပ်ချင်ဘဲ အိပ်ရအောင်လုပ်နေရလို့ မအီမသာကြီးနဲ့ပါ။ ဒါနဲ့ပဲ ငါက အခု ဘာဖြစ်လို့ မအိပ်ချင်ဘဲ အိပ်ရာရအောင် လုပ်နေရတာတုန်းလို့ ကိုယ့်ဟာကိုယ် ပြန်မေးမိပါတယ်။

သေချာတာတစ်ခုကတော့ မအိပ်ချင်ဘဲ အိပ်လိုက်ရတဲ့အတွက် မနက်ကျရင် မထချင်ဘဲ ထရတော့မှာပါပဲ။

21 April, 2014

ဒီနေ့

နာမည်မသေ
လူတွေတမ်းတ
ဂုဏ်ကြီးစွ ...
ကြယ်ပြာ တစ်ပွင့်
ကြွေလွင့် ... ...

16 April, 2014

ဂန္ဓီကြီး မွေးနေ့

(၃-၁၀-၂၀၁၀) က ရေးထားတဲ့ စာစုပါ။ အခုမှ တင်လိုက်ရတာပါ။
မနေ့က ဂန္ဓီကြီးမွေးနေ့။
ဂုဏ်ပြု post တင်ဖို့ရာ connection မကောင်းလို့ blog ထဲတောင် ဝင်လို့မရဘူး။ ဒီနေ့ စလောင်းဆိုင်မှာ သက်တမ်းသွားတိုးတော့ စလောင်းဆိုင်ကလူကလည်းပြောတယ်။ connection မကောင်းဘူးဗျာ ဘာမှလုပ်လို့ မရဘူး တဲ့။ သူတို့အလုပ်ကလည်း connection ကောင်းပါမှonline လုပ်ရတာလေ။ connection မကောင်းဘူးဆိုရင် နှေးတာကို ပြောတယ်လို့ ထင်ကြတာများပါတယ်။ ကျွန်တော်တို့ဆီက connection က နှေးယုံတင်မကဘူးဗျ။ steady မဖြစ်ဘူး။ နှေးယုံပဲဆိုရင် နှေးနှေးလေးနဲ့ ပုံမှန်သွားနေမှာပဲ။ စောင့်ရတာပဲရှိမယ်။ steadyမဖြစ်တာက တော်တော်ဆိုးပါတယ်။ speed က ၁၀ နဲ့သွားလိုက် ၁၅ နဲ့သွားလိုက် ၀ ဖြစ်သွားလိုက်။ ၁၀ နဲ့သွားလိုက် ၁၅ နဲ့သွားလိုက် က ဘာမှ မဖြစ်ပေမယ့် ၀ ဖြစ်သွားတဲ့အခါ ဘာမှလုပ်လို့ မရပါဘူး။

ကျွန်တော်တို့ သင်္ချာပြဿနာတွေမှာလည်း steady က စကားပြောပါတယ်။ အားလုံးသိကြသလိုပါပဲ။ DE မှာဆိုရင် equation တခု solution ရှိ မရှိ စဉ်းစားကြတယ်။ existence ကိုစဉ်းစားတာပါ။

နောက်တဆင့်တက်ပြီး ရှိတဲ့ solution က တခုတည်းလည်း တခုထက်ပိုသလား စဉ်းစားပါတယ်။ uniqueness ပါ။ နောက်တဆင့်တက် စဉ်းစားတာက stability ပါ။ အဲဒါကဘာလဲဆိုတော့ initial condition နည်းနည်းပြောင်းရင် final condition လည်း နည်းနည်းပြောင်းတာကို ဆိုလိုတာပါ။ initial condition က နည်းနည်းပြောင်းပေမယ့် final condition က အများကြီးပြောင်းရင်ပဲဖြစ်ဖြစ် ဘာတွေဖြစ်မှန်းမသိ ပြောင်းကုန်ရင်ဖြစ်ဖြစ် ပြောင်းသွားတယ်ဆိုရင် stable မဖြစ်ဘူးလို့ ဆိုလိုတာပါဗျာ။

post တင်လို့ မရတော့ ဟိုကြည့် ဒီကြည့် ကြည့်မယ်ဆိုပြီးလုပ်တာ google တောင် အနိုင်နိုင်ဝင်နေရတယ်။

ဒါနဲ့ အင်တာနက်ကိုင်ခြင်းကိစ္စ လက်လျော့လိုက်ရပါတယ်။ ည tv ကြည့်တော့ ရုပ်ရှင်လွှင့်တဲ့လိုင်း PIX က ဂန္ဓီ ရုပ်ရှင်လာနေပါတယ်။ Fox History လိုင်းကလည်း ဂန္ဓီအကြောင်း documentary လာနေပါတယ်။ သူတော်စင် သူရဲကောင်းကို ဂုဏ်ပြုနေတာလို့ မြင်မိပါတယ်ဗျာ။

14 April, 2014

၂၀၁၄ နိုင်ငံတကာ သင်္ချာ အိုလံပစ် ပြိုင်ပွဲ


၂၀၁၄ နိုင်ငံတကာ သင်္ချာ အိုလံပစ် ပြိုင်ပွဲကို ဇူလိုင်လ (၃) ရက်မှ (၁၃) ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။

Official Website မှာ http://www.imo2014.org.za ဖြစ်ပါသည်။

06 April, 2014

အမျိုးသား ပညာရေးမူဝါဒ - အမျိုးသားပညာရေးဥပဒေ

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ပတ်သက်ပြီး မူဝါဒ ရေးဆွဲနေတာ (၃) ဖွဲ့ ရှိပါတယ်။
(၁) ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER)
(၂) လွှတ်တော် နှင့်
(၃) အစိုးရ (ပညာရေးဝန်ကြီးဌာန)
တို့ ဖြစ်ကြပါတယ်။
NNER က အမျိုးသား ပညာရေးမူဝါဒ လို့ သုံးစွဲပြီး လွှတ်တော် နဲ့ အစိုးရကတော့ အမျိုးသားပညာရေး ဥပဒေလို့ ခေါ်ဝေါ်သုံးစွဲပါတယ်။
NNER က သူတို့မူဝါဒ ရရှိဖို့ မြန်မာနိုင်ငံအတွင်း အစည်း အဝေးကြီး ၂၅ ကြိမ် ပြုလုပ်ကာ နောက်ဆုံး နိုင်ငံလုံးဆိုင်ရာညီလာခံကို ရန်ကုန် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံမှ ရရှိခဲ့သည့် အချက်အလက်များကို အခြေခံကာ ပညာရေးမူဝါဒကို ရေးဆွဲခဲ့သည်။
လွှတ်တော်ကတော့ မည့်သို့မည်ပုံ ပြုလုပ်သည်ကို မသိရပါ။ ၎င်းတို့ကလည်း ပြည်သူ့လွှတ်တော် အမျိုးသား ပညာရေးဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီ ရှိကြောင်းသိရပါသည်။ ထိုကော်မတီက အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲကြောင်းသိရပါသည်။
အစိုးရ (ပညာရေးဝန်ကြီးဌာန) အနေဖြင့်လည်း အမျိုးသားပညာရေး ဥပဒေ (မူကြမ်း) ရရှိဖို့ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးတွင် ဆွေးနွေးပွဲများ ပြု လုပ်စေကာ ထိုဆွေးနွေးပွဲ ရလဒ်များကို ရယူခဲ့ဟန် ပြုလုပ်ခဲ့သည်။ တက္ကသိုလ်အသီးသီးတွင် ဆွေးနွေးပွဲများတွင် အဆင်ပြေမည့်သူများကိုသာ ဖိတ်ကြားပြီး ပြန်လှန်ဆွေးနွေး ငြင်းခုံမည့်သူများကို ချန်လှပ်ထားခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။
လွှတ်တော် အဖွဲ့က ရေးဆွဲသည့်ပုံစံမှာ သီးခြားဆန်ပါသည်။ သူတို့ တစ်ဖွဲ့တည်း ရေးဆွဲသည့် ပုံစံဖြစ်ပါသည်။
NNER ကတော့ အထက်တွင်ဖော်ပြခဲ့သလို ဆွေးနွေးပွဲများပြုလုပ်ကာ ရေးဆွဲသည်။
အစိုးရ (ပညာရေးဝန်ကြီးဌာန) အနေဖြင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြိုးစားခဲ့ကြပါသည်။ အကြောင်းအမျိုးအမျိုးကြောင့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲတွင် NNER မပါဝင်ခဲ့ပါ။ NNER မပါဝင်ခဲ့သော်လည်း ပါဝင်သကဲ့သို့ သတင်းစာများတွင် ရေးသားဖော်ပြကြပါသည်။