(လွန်ခဲ့တဲ့ (၄) နှစ်လောက်က ၂၀၁၀ လောက်က ရေးထားတဲ့ စာစုလို့ ထင်ပါတယ်။ Date အတိအကျနဲ့ မှတ်မထားမိပါဘူး)
မနေ့ညက မအိပ်ချင်လဲ အိပ်လိုက်ရတယ်။ အိပ်လိုက်ရတယ် ဆိုတာထက် အိပ်ရာဝင်လိုက်ရတယ်ဆိုရင် ပိုမှန်မှာပေါ့။ မအိပ်ချင်ဘဲလို့ဆိုရာမှာလည်း ခန္ဓာကိုယ်ကတော့ဖြင့် နည်းနည်းပင်ပန်းပြီး အိပ်စေချင်နေပြီ။ စိတ်က မအိပ်ချင်သေးဘူး။ ဘယ်အိပ်ချင်လိမ့်မှာတုန်း
အာဆင်နယ်က စပါးကွင်းသွားပြီး ကာလင်းဖလားကန်တဲ့ပွဲက Live လာနေတာကိုး။ အာဆင်နယ်က တစ်ဂိုးသွင်း၊ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ စပါးက ရောဘီကိန်းက တစ်ဂိုးပြန်သွင်း ဖြစ်နေလေရဲ့။ အာဆင်နယ်ရတဲ့ ပင်နယ်တီ ၂ လုံးကို နာဆရီက ဝင်အောင်ကန်လို့ ၁-၃ ဖြစ်သွားတယ်။ ပင်နယ်တီ ၂ လုံးက အချိန်ပို ပထမပိုင်းမှာ ရတာ။ ဟိုးအရင်တုန်းက ပွဲချိန် မိနစ် ၉၀ မှာ သရေကျရင် ကွင်းပြောင်း ကန်ရလေ့ရှိတယ်။ စပါး - အာဆင်နယ် သရေ ကျ ရင် အာဆင်နယ် - စပါး ဆက်ကန်။ အဲဒီမှာမှ သရေ ဖြစ်နေသေးရင် အချိန်ပိုတွေ ပင်နယ်တီတွေ လာတာပေါ့ဗျာ။ ဘောလုံးပွဲတစ်ပွဲမှာ အိမ်ရှင်ကို ရှေ့ကထားခေါ်လေ့ရှိပါတယ်။ စပါး - အာဆင်နယ်ဆိုရင် စပါးက အိမ်ရှင်၊ စပါးကွင်းမှာ ကစားတာပါ။ အခုနောက်ပိုင်း အင်္ဂလန်က ကလပ်အသင်းတွေ ကန်ရတဲ့ပွဲတွေ များတယ်ဆိုပြီး ကာလင်းဖလားမှာ အောက်ပွဲတွေဆို တစ်ပွဲပြတ်ပဲ ကန်ပါတယ်။ ဆီမီးရောက်မှ အိမ်ကွင်း အဝေးကွင်း ၂ ပွဲကန်ရပါတယ်။ ဒါက ကာလင်းဖလားလုပ်တဲ့ပုံစံပါ။
ခုနကပွဲအကြောင်းပြန်ဆက်ရမယ်ဆိုရင်အချိန်ပို ဒုတိယပိုင်မှာ အာရှာဗင်က တစ်ဂိုးထပ်သွင်းလို့ ၁-၄ ဖြစ်သွားပါတယ်။ စပါးပရိတ်သတ်တွေ ကွင်းထဲက ထွက်ခွါစပြုနေပါပြီ။
ဒါပေမယ့် ကိုယ်ကမထနိုင်ဖြစ်နေပါတယ်။ နာရီကြည့်တော့ မနက် ၃ နာရီ ၂၀ ရှိနေပြီ။ အိပ်ရာဝင်မှပဲဆိုပြီး တီဗွီကို မပိတ်ချင် ပိတ်ချင် ပိတ်လိုက်ပါတယ်။ အိပ်ရာထဲရောက်ရင် အိပ်ပြီဟေ့ဆိုပြီး မီးခလုတ်ပိတ်သလို တန်းအိပ်ပျော်တာမှ မဟုတ်ဘဲ။
မအိပ်ခင် စာဖတ်တဲ့ အလေ့အကျင့်ကရှိလေတော့ အိပ်ရာထဲရောက်ရင် စာလေးနည်းနည်းဖတ်၊ ပြီးရင် တောင်တွေး မြောက်တွေးမတွေးဘဲ အကြောအချဉ်လေးကိုလျော့ အဲလို အခြေအနေလေး တည်ငြိမ်လာပြီဆိုမှ တဖြည်းဖြည်းနဲ့ မျက်ခွံလေးတွေလေး၊ အသက်ရှုလေးတွေမှန်ပြီ အိပ်ပျော်သွားမှာလေ။ အဲဒီအခြေအနေတွေထဲက တစ်ခုခု ပျက်ရွင်းပြီဆိုမှတော့ဘယ်လိုလုပ် အိပ်ပျော်မှာတုန်း။
မနက်ထစရာရှိလို့ အိပ်သင့်ပါပြီဆိုကာမှ အိုင်းစတိုင်းနဲ့ နီဘိုလ်ဆွေးနွေးခဲ့ကြတဲ့ ဘုရားသခင် ကြွေအံကစားခဲ့သလား (Does God Plays Dice) ပါတဲ့အကြောင်း သွားဖတ်မိလေတော့ ဟိုစာအုပ် ထလှန်ရမလို ကွန်ပျူတာပြန်ဖွင့်ပြီး ရှာရမလိုဖြစ်ပြန်ရောဗျာ။ စာထဲပါတဲ့အကြောင်းတွေထဲမှာ မသိတာတွေကတော်တော်များများပါတော့ ဟိုကပါရမီရှင်တွေ ပဂေးကြီးတွေ လုပ်ခဲ့ကြတာကို သိချင်ဦးဟဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း စာအုပ်အသာချ အိပ်ဖို့ အားယူရပါတယ်။ အိုင်းစတိုင်းပြောခဲ့တဲ့ hidden variable လေး ငါ့ခေါင်းအုံးအောက်ကတွေ့ရင် ကော်တာပဲလို့ တွေးမိရင်း သဘောတွေကျလို့ ပြုံးမိပါသေးတယ်။
စိတ်ထဲမှာတော့ မအိပ်ချင်ဘဲ အိပ်ရအောင်လုပ်နေရလို့ မအီမသာကြီးနဲ့ပါ။ ဒါနဲ့ပဲ ငါက အခု ဘာဖြစ်လို့ မအိပ်ချင်ဘဲ အိပ်ရာရအောင် လုပ်နေရတာတုန်းလို့ ကိုယ့်ဟာကိုယ် ပြန်မေးမိပါတယ်။
သေချာတာတစ်ခုကတော့ မအိပ်ချင်ဘဲ အိပ်လိုက်ရတဲ့အတွက် မနက်ကျရင် မထချင်ဘဲ ထရတော့မှာပါပဲ။
No comments:
Post a Comment