28 November, 2009

ဒီနှစ်ဆောင်း

ဒီနှစ်ဆောင်းက တစ်မျိုးတော့ တစ်မျိုးပဲဗျ။ မကွေးမှာပြောတာနော်။ အဲလိုပြောတော့ ကိုယ်ကပဲ မကွေးအကြောင်း နောကြေနေသယောင်ယောင်။ အနေကြာနေသလိုဖြစ်နေလား မသိဘူး။ ကျွန်တော် မကွေးရောက်တာ ၂ နှစ်ပြည့်တော့မယ်ဗျ။ ရောက်တုန်းက ၂၀၀၇ ဖေဖော်ဝါရီဆိုတော့ ဆောင်းကုန်ခါနီး ရောက်လာတာလေ။ ၂၀၀၈ ဆောင်းကောင်းကောင်းကြုံရပါတယ်။ အခုရေးမှာက ၂၀၀၉ ဆောင်းပေါ့ဗျာ။ ကျွန်တော် ငယ်ငယ်ကတည်းက သိထားတာလေး တစ်ခုရှိတယ်ဗျ။ ရာသီဥတု တစ်ခုနဲ့ တစ်ခုအပြောင်းမှာ မိုးရွာပြီးမှ ပြောင်းလေ့ရှိပါတယ်။ ဒီနှစ် မကွေးမှာ မိုးမရွာဘဲ ဗြုန်းဆို ထအေးပါတယ်။ ဆောင်းတန်းရောက် တာကိုပြောတာပါ။ နိုဝင်ဘာ ပထမပတ်ထဲမှာ အေးစပြုလာလို့ အေးတော့မှာပဲလို့ ထင်တာ ဘယ်ဟုတ်မှာတုန်း ပြန်ပူတယ်ဗျာ။ အခု နိုဝင်ဘာ နောက်ဆုံးပတ်မှာမှ မပြောမဆို ထအေးပါတော့တယ်။ ကျွန်တော်ပြောခဲ့တဲ့ ရာသီဥတုပြောင်းတဲ့မိုးလည်း မရွာပါဘူး။ ရာသီဥတုတွေလည်း ဘာဖြစ်ကုန်ပြီလဲ မသိပါဘူးဗျာ။ အဲလိုဖြစ်တော့ တချို့ကပြောပါတယ်။ နွေမှာ ပိုပူလိမ့်မယ်တဲ့။ ကျွန်တော်တို့ မကွေးက ဒီနှစ်ဆောင်း ဖြစ်ပုံလေးပါ။

13 November, 2009

ပွင့်ဖြူမြို့သို့

မနေ့ကကျောင်းရောက်တော့ ကျွန်တော်တို့ဌာနက တွဲဖက်ပါမောက္ခဆရာကြီး ဦးခင်မောင်ဌေး ရဲ့ မိခင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒါနဲ့ပဲ နာရေးသွားမေးဦးမယ်ဆိုပြီး ဘယ်မှာနေကြတာလဲ မေးကြည့်တော့ ပွင့်ဖြူမြို့ မှာတဲ့။ ကျွန်တော်က နာရေးကိစ္စ ကိုယ်လက်လှမ်းမှီတဲ့နေရာမှာဆိုရင် ကိုယ်တိုင်သွားလေ့ ရှိပါတယ်။ ဘယ်နှစ်မိုင်လောက်ဝေးလဲ စုံစမ်းတော့ ၂၇ မိုင်ဝေးတယ်တဲ့။ ၂၇ မိုင်ဆိုရင် သိပ်မဝေးဘူးလေ။ သွားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီးသကာလ ဆရာကြီးရဲ့ အမေနာမည်၊ လိပ်စာ ဆက်စုံစမ်းပါတယ်။ ဘယ်လိုမှ မသိရဘူးဗျာ။ ဘယ်သူ့သွားမေးမေး ယောင်ဝါးဝါးပဲ။ သိသိ မသိသိ ရောက်အောင်သွားဖို့တော့ ဆုံးဖြတ်ပြီးသားပါ။ ဟိုရောက်မှ ရအောင်စုံစမ်းမယ်ပေါ့။ ညရောက်တော့ တစ်ခုသတိရလိုက်တယ်ဗျ။ တပည့်မ တစ်ယောက် ပွင့်ဖြူကလို့ထင်တာပဲ။ သူကရန်ကုန်မှာအခု။ ဒါနဲ့ပဲ သူ့ဆီဖုန်းဆက်တော့ ဟုတ်သဗျာ။ သူက အဲဒီက။ သူ့ဆီက နာမည်ရော လိပ်စာပါရသဗျာ။ သူ့အိမ်ပါ ၀င်လည်သွားပါဦး၊ သူအိမ်ကိုဖုန်းဆက်ထားပါ့မယ် လို့ဆိုပြီး သူ့အိမ်လိပ်စာပါ ပေးပါတယ်။ သူ့ဆီလှမ်းဆက် သွယ်တာ မှန်သွားတာပေါ့ဗျာ။ ဒါနဲ့ပဲ ဆိုင်ကယ်လေချိန်၊ အင်ဂျင်ဝိုင်လဲ ဆောင်ရွက်ဖွယ်ရှိသည်များကို ဆောင်ရွက်လိုက်တာ ည ၂နာရီခွဲသွားပါတယ်။ TV ဖွင့်ကြည့်တော့ ESPN က U17 ပွဲလာနေသဗျ။ စပိန် နဲ့ အိမ်ရှင် နိုက်ဂျီးရီးယားပွဲ။ စပိန်ကလည်း ရှုံးနေလိုက်တာဗျာ။ ၃ - ၁ တဲ့။ ဘောပွဲလေးပြီးမှ အိပ်ရာဝင်။

မနက် ဆရာဝင်းသိန်းဦးက လာနှိုးပါတယ်။ ၆ နာရီမှာပါ။ မုန့်ဆိုင်ဝင် မနက်စာစားပြီး ၆ နာရီ ၄၅ မိနစ် လောက်မှာ မကွေးကစထွက်လာပါတယ်။ မင်းဘူးရောက်တော့ ။ အဲဒီကမှ စကု၊ နောက် ကျောင်းတော်ရာ နဲ့ ပွင့်ဖြူကို လမ်းခွဲ လယ်ကိုင်းရွာ။ လယ်ကိုင်းကနေ ကျောင်းတော်ရာကို ၄ မိုင်ပါ။ ကျွန်တော်တို့သွားမယ့် ပွင့်ဖြူကိုက ၇ မိုင်ဗျ။ မှာ ပွင့်ဖြူကိုရောက်ပါတယ်။ ဆရာကြီးအိမ်ဝင်၊ စကားပြော၊ ဌာနကလူကြုံပါး လိုက်တဲ့ အကူငွေပေး၊ ကျွန်တော်တို့က အကူငွေလို့ ခေါ်တာ။ ကျွန်တော်တို့ဆီကို တောင်ကြီးပြောင်းလာတဲ့ ဆရာမကြီး ဒေါက်တာနန်းအေးဆွေက သွေးသောက်ကြေး တဲ့။ ခနနေပြီးသကာလ ၀ါဝါတို့အိမ်ဝင် ပြီးတော့ မကွေးကိုပြန်လာကြတာ  မှာ မကွေးကိုပြန်ရောက်ပါတယ်။ အပြန်လမ်းမှာ ဆိုင်ကယ်က ခနခန ထိုးရပ်တာ ကလွဲရင် အားလုံးအဆင်ပြေတဲ့ ခရီးပါ။

12 November, 2009

အမျိုးသားနေ့

ဒီနေ့ဟာ အမျိုးသားနေ့ဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတော့ ရုံးပိတ်တာပေါ့ဗျာ။ ရုံးပိတ်တော့ ကျောင်းလည်း မသွားရဘူးဗျ။ စောစောထပြီး မြက်ဆက်ရှင်းဖို့ ချိန်းထားတယ်။ သူတို့ကတော့ မေးရှာပါတယ်။ ဘယ်အချိန် လာရမလဲတဲ့။ ကျွန်တော်လည်း နိုးတဲ့အချိန်လာခဲ့ကွာ လို့ပြောလိုက်မိတယ်။ သူတို့လာရင်တော့ ကိုယ့်ကို နှိုးမှာပဲလို့ စိတ်အေးလက်အေးအိပ်တာပေါ့ဗျာ။ ကျွန်တော် မနက် ၉ နာရီမှာနိုးပါတယ်။ ဒီကောင်တွေ မနှိုးဘဲ သူတို့ဟာသူတို့များ ချနေကြပြီလားလို့ ထင်မိတာပေါ့ဗျာ။ ကိုယ်တော်ချောများက မလာသေးဘူးဗျ။ မနေ့က ငါနိုးတဲ့အချိန်လာခဲ့လို့ ပြောမိတာ မှားပြီနဲ့တူတယ်လို့ တွေးမိပါတယ်။ အကြော်နဲ့ ထမင်းစား၊ ကော်ဖီသောက် နေတုန်း ၉ခွဲလောက်မှ ရောက်လာကြတယ်။ မြက်တွေဆက်ရှင်း မီးပုံရှို့ ချကြတာပေါ့ဗျာ။ မြက်တွေကလည်း တော်တော်သန်တယ်ဗျ။ မသိတဲ့သူဆိုရင် မြက်စိုက်ထားသလားလို့ အထင်မှား လောက်တယ်။

တနေ့ညက အ၀တ်လျော်စက် ရေထုတ်တုန်း မြွေတစ်ကောင်တွေ့လို့ လှမ်းရိုက်လိုက်ပါတယ်။ သေသေချာချာ မထိတော့ မသေဘူးဗျ။ ရှုး ရှုးနဲ့ မှုတ်ပြီး ပြေးပါတယ်။ ကြားဖူးနားဝအရ ဒါမြွေဟောက် ဖြစ်နိုင်တယ်လို့တော့ စိတ်မှာ ထင်မိတယ်ဗျ။ တုတ်ကလည်းအမာဆိုတော့ ရိုက်လို့မကောင်းဘူးဗျ။ ထောက်နေတယ်။ ရိုက်လို့မကောင်းတော့ သိပ်လည်း အနားမကပ်ရဲတာနဲ့ တုတ်နဲ့လှမ်းပြစ်ပါတယ်။ အဲဒီကျမှ နောက်တစ်ခါရှုးပြီး ပါးပြင်းထောင်ပြတယ်ဗျ။ တိရိစ္ဆာန်ရုံမှာပဲ မြွေဟောက်မြင်ဖူးတာပါ။ အပြင်မှာ အခုလို နဖူးတွေ့ဒူးတွေ့ကြုံရတော့ လန့်တော့သွားတာပေါ့ဗျာ။ မြွေဆိပ်ဖြေဆေးကလည်း ရှား ဆိုလားပဲ။ တလောက မကွေးမှာအတုလုပ်လို့ ဖမ်းတဲ့သတင်း ပါလာတဲ့ဂျာနယ် ရောင်းမလောက်ဘူးဗျာ။ ရောင်းကောင်းမှ ကောင်းဆိုပဲ။ အဲ မြွေအကြောင်း ဆက်ရဦးမယ်။

လက်ထဲလည်းတုတ်မရှိတော့လို့ ကိုယ်ကတုတ်ပြေးယူတုန်း သူကလည်းပြေးပါတယ်။ လွတ်သွားတယ် ပေါ့ဗျာ။ အဲဒါနဲ့ပဲ ဒီနားကမြက်တွေတော့ ရှင်းရဦးမယ်လို့ စိတ်ကူးရင်း မနေ့ညနေကစရှင်းကြပါတယ်။ တော်တော်တော့ လုပ်ရဦးမှာပါ။ အဲဗျာ အမျိုးသားနေ့လို့ ခေါင်းစဉ်တတ်ပြီး မြက်ရှင်းတဲ့ အကြောင်းရောက် သွားတယ်။ အမျိုးသားနေ့ဆိုတာက အားလုံးသိပြီးသားပဲဗျာ။ ဟုတ်တယ် မဟုတ်လား။

ကျွန်တော်နဲ့အတူ မြက်ကူရှင်းပေးကြသော မကွေးတက္ကသိုလ် သင်္ချာဌာန မှ နည်းပြများဖြစ်ကြတဲ့ ဦးရာဇာဝင်း၊ ဦးဝင်းသိန်းထွန်း၊ ဦးဇော်မျိုးထက် တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း။

07 November, 2009

ဘာလုပ်ရမလဲ

ကျွန်တော်တို့ ကွန်ပျူတာအခန်းထဲမှာ အဲယားကွန်း နှစ်လုံးရှိပါတယ်။ တစ်လုံးက Window Type ပါ။  အဲဒီထဲ ကြွက်ကအသိုက်ဝင်ဆောက်တယ်ဗျာ။ အရင် လေးငါးရက်ကတော့ ဖွင့်လိုက်ရင် ၀ရူးဆို ကြွက်အသိုက်ဆောက် ဖို့ ချီထားတဲ့ စက္ကူစုတ်တွေ၊ ဖော့တွေပြန်ထွက်လာတယ်။ ပြီးရင်တော့ စက်က ပုံမှန်ဆိုတော့ အချိန်တန် ဒီကြွက် ပြေးမှာပဲ၊ အသိုက်ပြောင်းမှာပဲလို့ ယူဆပြီး ဒီအတိုင်းထားမိတယ်။ ဒါပေမယ့် မနေ့ကကျတော့ စက်ဖွင့်ပြီးခဏ အကြာကြွက်တစ်ကောင်ထွက်လာတယ်ဗျ။ တော်တော်ကြီး ပါတယ်။ သူများတွေမြင်ရင် မွေးထားတာလားလို့ မေးရလောက်အောင်ပါ။ ဝေးဝေးလည်းမပြေးဘဲ အဲယား ကွန်းနားမှာပဲ ရစ်သီရစ်သီလုပ်နေတယ်ဗျ။ ကျွန်တော် လည်း သိပ်မသင်္ကာလို့ စောင့်ကြည့်နေတာပေါ့ဗျာ။ အဲယားကွန်းက မြင်းကောင်ရေ နှစ်ကောင်ဆိုတော့ တော်တော်အေးပါတယ်။ တစ်မိနစ်လောက်အကြာမှာ အဲယားကွန်းထဲပြန်ဝင်သွားတယ်ဗျ။ ကျွန်တော်လည်း နည်းနည်းတော့ သဘောပေါက်လိုက်ပါပြီ။ အရေးကြီးပစ္စည်းကျန်နေလို့ ပြန်ယူတာနေမှာပေါ့။ ခနနေတော့ ပြန်ထွက်ဖို့ ကြိုးစားပါတယ်။ ပါးစပ်မှာ တစ်ခုခုကိုက်လာတယ်ဗျ။ အဲဒါဟာနဲ့ အပေါက်ကထစ်နေတော့ အလွယ်တကူ ပြန်မထွက်နိုင်ဖြစ်နေတယ်ဗျ။ ကျွန်တော် ဂရုစိုက်ကြည့်လိုက်တော့
ဟား
ကြွက်ပေါက်လေးဗျာ။ နီတာရဲလေးပဲရှိသေးတယ်။ သူ့ကလေးကို သွားပြန်ခေါ်တာဗျ။ အထဲကထွက်လာတဲ့ လေကအေး၊ ပါးစပ်မှာကိုက်လာတဲ့ ကြွက်ကလေးနဲ့အပေါက်နဲ့ ထစ်နေလို့ ထွက်မရ ...
ကျွန်တော် အဲယားကွန်းကို ချက်ချင်းပြေးပိတ်လိုက်ပါတယ်။ အဲဒီတော့ သူ့ကလေးကိုက်ပြီး အထဲပြန်ဝင်သွား တယ်ဗျာ။ ကျွန်တော့်မှာသာ အဖုံးဖွင့်ပြီး အသိုက်ကို ရှင်းလိုက်ရမလား။ ဒီအတိုင်း ထားရမလား။ စိတ်တော် တော်လေသွားတယ်ဗျာ။
ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲဟင်။
ကျွန်တော်တော့ ဘာမှကိုမဆုံးဖြတ်တတ်သေးလို့ အခုလည်း အဲဒီအဲယားကွန်း မဖွင့်ဘဲ အလုပ်လုပ်နေရပါ ကြောင်း။ စိတ်လေတယ်။

05 November, 2009

Hit Counter

မနေ့က ဇေယျာနဲ့ GTalk မှာတွေ့တော့ Hit Counter ဘယ်လိုလုပ်ရလဲလို့မေးပါတယ်။ ဒါနဲ့ကျွန်တော်လည်း ဒီPost တင်ဖြစ်တာပါ။ ကျွန်တော်လုပ်တာကတော့
http://www.pax.com/free-counters.html  
ကနေဖြစ်ပါတယ်။ တခြားလုပ်နိုင်တဲ့နေရာတွေ အများကြီး ရှိဦးမှာပါ။ တချို့လည်း ဒီကနေ
http://www.fastwebcounter.com
လုပ်ထားတာတွေ့ရပါတယ်။ ဇေယျာ အဆင်ပြေပါစေ။

04 November, 2009

ပေါလိုက်တဲ့မြွေ

မကွေးကို ပြောင်းရမယ်ဆိုတော့ မြွေနဲ့ပတ်သက်လို့ စသတိပေးသူက ကျွန်တော့ဆရာ Dr.ဇော်ဝင်းပါ။ ဆရာကအခု ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာနမှာ ပါမောက္ခ၊ ဌာနမှူးတာဝန်ထမ်းဆောင်နေပါတယ်။ သူကမြွေကို တိုက်ရိုက်သတိပေးတာတော့ မဟုတ်ဘူးဗျ။ သူပြောတာက ကြောင်မွေးမယ်ဆိုရင် သတိထားကွ တဲ့။ ကိုယ်မွေးတဲ့ကြောင်က မြွေကိုကိုက်ချီလာမယ်။ မသေမရှင်နဲ့ပေါ့ဗျာ။ အိမ်ထဲထိပါလာမယ်။ အိမ်ကလူတွေက သတိမထားမိတော့ အဲဒီမြွေက အန္တရာယ်ပေးမယ်။ အဲလိုဗျ။ နောက်တစ်ယောက်ကတော့ ဆရာမကြီး Dr.ကြည်ကြည်အောင် ပါ။ သူလည်း အဲလိုပြောတာပဲ။ သူပြောတာက အဖြစ်အပျက်လေးတောင်ပါသေးတယ်။ သီလရှင်ကြီး မွေးတဲ့ကြောင်က ညအိပ်ရင် သီလရှင်ကြီးရဲ့ အိပ်ရာထဲဝင်အိပ်လေ့ရှိတယ်တဲ့။ အဲဒီကြောင်က အပေါ်မှာပြောထားသလို အိပ်ရာထဲထိချီလာတယ်။ သီလရှင်ကြီးကို ကိုက်တယ်။ အဲလိုပြောပြကြတယ်ဗျ။ ကျွန်တော်လည်း စာထဲပေထဲမှာတော့ သရော်တာတွေဖတ်ဖူးပါတယ်။ မကွေးတက္ကသိုလ် ကို မပွေးတက္ကသိုလ်လို့ သရော်တာတွေ ဖတ်ဖူးတယ်ဗျ။ စိတ်ထဲမှာတော့ နည်းနည်းပူတာပေါ့ဗျာ။ သမီးကလည်း ဆော့တာမှ တော်တော့်ကို ပေါက်ပေါက်ရှာရှာဆော့တာ ဆိုတော့ သမီးအတွက်လည်း စိတ်ပူတာပေါ့။ ကိုယ်နေခဲ့တဲ့ ရန်ကုန်မှာက မြွေမြင်ချင်ရင် တိရိစ္ဆာန်ရုံထဲသွားကြည့်ရတာဆိုတော့ မြွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံကလည်း မရှိဘူးဗျ။ အဲလိုနဲ့ပဲမကွေးပြောင်းခဲ့ကြပြီဗျာ။ ရောက်ပြီပေါ့။