04 November, 2009

ပေါလိုက်တဲ့မြွေ

မကွေးကို ပြောင်းရမယ်ဆိုတော့ မြွေနဲ့ပတ်သက်လို့ စသတိပေးသူက ကျွန်တော့ဆရာ Dr.ဇော်ဝင်းပါ။ ဆရာကအခု ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာနမှာ ပါမောက္ခ၊ ဌာနမှူးတာဝန်ထမ်းဆောင်နေပါတယ်။ သူကမြွေကို တိုက်ရိုက်သတိပေးတာတော့ မဟုတ်ဘူးဗျ။ သူပြောတာက ကြောင်မွေးမယ်ဆိုရင် သတိထားကွ တဲ့။ ကိုယ်မွေးတဲ့ကြောင်က မြွေကိုကိုက်ချီလာမယ်။ မသေမရှင်နဲ့ပေါ့ဗျာ။ အိမ်ထဲထိပါလာမယ်။ အိမ်ကလူတွေက သတိမထားမိတော့ အဲဒီမြွေက အန္တရာယ်ပေးမယ်။ အဲလိုဗျ။ နောက်တစ်ယောက်ကတော့ ဆရာမကြီး Dr.ကြည်ကြည်အောင် ပါ။ သူလည်း အဲလိုပြောတာပဲ။ သူပြောတာက အဖြစ်အပျက်လေးတောင်ပါသေးတယ်။ သီလရှင်ကြီး မွေးတဲ့ကြောင်က ညအိပ်ရင် သီလရှင်ကြီးရဲ့ အိပ်ရာထဲဝင်အိပ်လေ့ရှိတယ်တဲ့။ အဲဒီကြောင်က အပေါ်မှာပြောထားသလို အိပ်ရာထဲထိချီလာတယ်။ သီလရှင်ကြီးကို ကိုက်တယ်။ အဲလိုပြောပြကြတယ်ဗျ။ ကျွန်တော်လည်း စာထဲပေထဲမှာတော့ သရော်တာတွေဖတ်ဖူးပါတယ်။ မကွေးတက္ကသိုလ် ကို မပွေးတက္ကသိုလ်လို့ သရော်တာတွေ ဖတ်ဖူးတယ်ဗျ။ စိတ်ထဲမှာတော့ နည်းနည်းပူတာပေါ့ဗျာ။ သမီးကလည်း ဆော့တာမှ တော်တော့်ကို ပေါက်ပေါက်ရှာရှာဆော့တာ ဆိုတော့ သမီးအတွက်လည်း စိတ်ပူတာပေါ့။ ကိုယ်နေခဲ့တဲ့ ရန်ကုန်မှာက မြွေမြင်ချင်ရင် တိရိစ္ဆာန်ရုံထဲသွားကြည့်ရတာဆိုတော့ မြွေနဲ့ပတ်သက်တဲ့ အတွေ့အကြုံကလည်း မရှိဘူးဗျ။ အဲလိုနဲ့ပဲမကွေးပြောင်းခဲ့ကြပြီဗျာ။ ရောက်ပြီပေါ့။

No comments: