၂၅-၇-၂၀၁၀ နေ့ မနက် ၇-၃၀ လောက်အိမ်ကနေ စထွက်ခဲ့ကြပါတယ်။ ကမ်းနားမှာရှိတဲ့ အသုပ်ဆိုင်မှာ နန်းကြီးသုပ်ဝင်စားကြပြီး ဆက်ထွက်လာပါတယ်။ ဧရာဝတီတံတား(မကွေး) ကိုကူးအပြီး လမ်းကဆိုင်းပုဒ်မှာ မင်းဘူးသို့ ၃ မိုင်၊ ကျောင်းတော်ရာသို့ ၁၇ မိုင် လို့တွေ့ရပါတယ်။ တံတားကူးလိုက်ရင် မင်းဘူးကို ရောက်တယ်လို့ အများကသိထားကြတာပါ။ မင်းဘူးကိုတန်းမရောက်ပါဘူး။ ထောက်ရှာပင်ကို ရောက်ပါတယ်။ မင်းဘူးမှာ ကော်ဖီသောက်ကြမယ်လို့ မူလကသတ်မှတ်ထားပေမယ့် သမီးငယ်လေး အိပ်နေတာကြောင့် မသောက်ကြတော့ဘဲ ဆက်ထွက်ခဲ့ကြပါတယ်။
လမ်းမှာနားနေတုန်းရိုက်ထားတဲ့ပုံပါ။
စလင်းမြို့ကိုဖြတ်အပြီး တံတားတစ်ခုကို ဖြတ်ရပါတယ်။ တံတားကတော်တော်လေးနနေပါပြီ။ ကျဉ်းလည်း ကျဉ်းနေပါပြီ။ ဒီဖက်က ဆိုင်ကယ်တစ်စီး ဖြစ်လာရင် ဟိုဖက်က ကားလာလို့မရပါဘူး။ ဆိုင်ကယ်ဆိုရင်တော့ ၂စီး parallel သွားလို့ရပါတယ်။ ပျဉ်ချောင်းတွေ တစ်ချောင်းနဲ့တစ်ချောင်း မထိတထိတွေဆိုတော့ ဆိုင်ကယ် စီးရတာ သိပ်အဆင်မပြေလှပါဘူး။ တစ်ချို့နေရာတွေမှာ ခြေထောက်ထောက်ရင်း စီးခဲ့ရပါတယ်။ ဒီလိုနဲ့ ဆက်ထွက်လာခဲ့တာ ကျောင်းတော်ရာဖက်ကိုသွားတဲ့လမ်း နဲ့ ပွင့်ဖြူမြို့ကိုသွားတဲ့လမ်း ဆုံရာ လယ်ကိုင်းရွာ ကိုရောက်ခဲ့ပါတယ်။ အဲဒီကဆိုင်းပုဒ်အရ လယ်ကိုင်းအထိ ၁၆ မိုင် ရှိတယ်လို့ဆိုပြီး ကျောင်းတော်ရာ ရောက် ဖို့ နောက်ထပ် ၄ မိုင် လိုသေးတယ် ဆိုပါတယ်။
၁၀-၀၀ နာရီလောက်မှာ ကျောင်းတော်ရာသို့ ရောက်ပါတယ်။ ၂ နာရီလောက် ဆိုင်ကယ်မောင်းခဲ့ရလို့ လူလည်းတော်တော် ပန်းနေပါပြီ။ လမ်းတွေကလည်း သိပ်ကောင်းလှတယ် မဟုတ်ဘူးဗျ။ ဒါနဲ့ပဲ နားစရာ ဇရပ်ရှာ ခြေပစ်လက်ပစ်နားနေမိပါတယ်။ သမီးကြီးတို့ကတော့ ကင်မရာတစ်လုံးနဲ့ ဟိုဟာရိုက်လိုက် ဒီဟာရိုက်လိုက် အလုပ်ရှုပ်နေပါပြီ။ သမီးလေးနဲ့ ကျွန်တော့်အမျိုးသမီးလည်း ဘုရားဖူး၊ ဟိုဟာဝယ် ဒီဟာဝယ် လုပ်နေကြတော့ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ကျွန်တော်ကပဲစောင့်ပေးနေပါတယ်။ ၁၁-၃၀ လောက် သူတို့ဇရပ်ပြန်ရောက်မှ ကျွန်တော်လည်း ဇရပ်ပေါ်ကဆင်း ရင်ပြင်ပေါ်ကိုပတ်ပါတော့တယ်။
ကျွန်တော် ရင်ပြင်တော်ကို စပတ်လျှင်ပတ်ခြင်းပဲ အသက် ၁၃ နှစ်လောက်ရှိမယ့် ကလေးမလေး တစ်ယောက် အနားကို အပြေးလေးရောက်လာပြီး ရဟန္တာကြေးရုပ်တုကဘယ်မှာရှိတယ်၊ မွှေးတဲ့ နံ့သာပင် ကဘယ်မှာပြောရင်း ကျွန်တော့်နောက်က လိုက်လာပါတယ်။ သူမရဲ့ပြောကြားချက်အရ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဒီနေရာကိုရောက်စဉ် စန္နကူးကျောင်းတော်မှာ သတင်းသုဉ်းတယ်။ မြတ်စွာဘုရားရှင်တို့ ပြန်ကြွအပြီး ကျန်ခဲ့တဲ့ ရဟန္တာအရှင်မြတ်က စန္နကူးသားက လက်လေးသစ်ကို အဖိုးတစ်သိန်းထိုက်တယ်။ နှောင်းလူတွေ လောဘကြောင့် ဒုက္ခရောက်နိုင်တယ်လို့ တွေးဆပြီး စန္နကူး ကျောင်းတော်ကို အဓိဌာန်နဲ့ ကွယ်ပျောက်စေခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းတော်ရဲ့အရာပဲ ကျန်ခဲ့လို့ ကျောင်းတော်ရာလို့ အမည်တွင်ကြောင်းပြောပြပါတယ်။
နောက်စန္နကူးပင်စိုက်ရင် တစ်ပင်တည်းစိုက်လို့ မရှင်ကြောင်း တမာပင် ဒါမှမဟုတ် မဲဇလီပင်နဲ့ တွဲစိုက်ရ ကြောင်း စန္နကူးပင် ခါးလယ်လောက်ရောက်မှ တွဲစိုက်ထားတဲ့အပင်ကို မထားလိုက ခုတ်နိုင်ကြောင်း ပြောပြပါတယ်။ နောက်စန္နကူးပင်က လူခုတ်ရင်မမွှေးကြောင်း သဘာဝအတိုင်း ပြိုလဲသေမှ မွှေးကြောင်း (လူသတ်ရင်မမွှေးဘူး၊ နတ်သတ်မှမွှေးကြောင်း) ဆိုပါတယ်။ စန္နကူးနံ့သာပင် စိုက်ခင်းများ အတွင်း မွှေးနေတဲ့အပင် လောလောဆယ် တစ်ပင်သာရှိကြောင်း ပြောပြပြီး အဲဒီအပင်ကို လိုက်ပြပါတယ်။
ကျွန်တော်တော့ မွှေးမကြည့်ခဲ့ပါဘူး။ သမီးကြီးကတော့ မွှေးကြည့်ပြီး မွှေးလိုက်တာလို့ ဆိုပါတယ်။ ကျွန်တော် မျှားထိုးပြထားတဲ့အပင်ပါ။ စိုက်ကွက် (၅) မှာရှိပါတယ်။ နောက် ကလေးမလေးက စန္နကူးစေ့ ၂၁ စေ့ ဆောင်ရင် လာဘ်ကောင်ကြောင်း၊ ဘာဖြစ်ကြောင်း၊ ညာဖြစ်ကြောင်းပြောပြပြီး စန္နကူစေ့များကောက်ပြီး ကျွန်တော့်ကို ပေးပါတယ်။ ၂၁ စေ့ဆိုတာနဲ့ပတ်သက်လို့ကတော့ မြတ်စွာဘုရားရှင် ၀ါတော် ၂၁ မှာ ကျောင်တော်ရာကို ရောက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ရဟန္တာအရှင်မြတ်ရဲ့ ကြေးသွန်းရုပ်ပွားတော်ကို လိုက်ပြပါတယ်။
ကြေးသွန်းရုပ်ပွားတော်ထားရာ စံကျောင်တော်ရှေ့က သဘာဝအတိုင်း ရေစိမ့်ထွက်တယ်ဆိုတဲ့နေရာ ကိုလည်း ပြပါတယ်။
ကျောင်တော်ရာက ဘုရားဖူးငါးကြီးတွေ အကြောင်းကတော့ အားလုံးသိကြပြီးသားပါ။ ကျောင်းတော်ရာဆို ငါးတွေနဲ့တွဲသိလေ့ရှိပါတယ်။ ဘုရားဖူးငါးကြီးတွေရဲ့ပုံတွေကို ဓါတ်ပုံတွေထဲမှာ မြင်ဖူးကြပြီးဖြစ်မှာပါ။ အရပ်ထဲမှာ အများစုပြောကြတာကတော့ ငါးတွေမလာတာ တော်တော်ကြာပြီတဲ့။ အဲဒါနဲ့ ပတ်သက်ပြီး မေးကြည့်တော့ လာတော့လာတယ်။ သုံး လေး ကောင်လောက်ပဲလာတော့တယ်။ ဒါတောင် မနက်အစောကြီး ၃ နာရီ ၄ နာရီလောက် ထ ငါးစာကျွေးမှ တွေ့ရတယ်လို့ ဆိုပါတယ်။ ၀ါဆိုလပြည့်နေ့ဆို ငါးကျွေးဆိပ်ကနေ စက်လှေငါးစီးလောက်က ငါးသွားကြိုတယ်ဆိုပြီး သွားလေ့ရှိပါတယ်။ ပရိတ်ရွတ်ပြီးသွားကြတာပါ။ မုန်းချောင်းအတိုင်း ဧရာဝတီနဲ့ မုန်းချောင်းဆုံတဲ့နေရာထိ သွားတယ်လို့ သိရပါတယ်။ တစ်နာရီခွဲ နှစ်နာရီလောက်ကြာမှ ပြန်ရောက်ကြတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ်က ၀ါဆိုလပြည့်နေ့မှာ ငါးကျွေးဆိပ်ကိုရောက်ဖူးတော့ အဲဒီမြင်ကွင်း ကျွန်တော်တွေ့ဖူးပါတယ်။
ငါးမလာတာနဲ့ပတ်သက်ပြီး အရပ်ထဲမှာ အမျိုးမျိုးပြောကြတာတွေရှိပါတယ်။ ကျွန်တော်ကြားဖူးသလောက် ပြန်ရေးပါ့မယ်။
တစ်ချို့ကပြောတာက ငါးတွေအပြန်မှာ ပိုက်ထောင်ဖမ်းတာကြောင့် လို့ဆိုပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ။ တိရိစ္ဆာန်တွေက ရာသီကိုမှတ်ပြီး အချိန်နဲ့လုပ်ကြတဲ့ကိစ္စတွေမှာ တိကျလေ့ရှိပါတယ်။ သူတို့ပြန်တဲ့အချိန်မှတ်ပြီး ပိုက်ထောင်တယ်ဆိုပါတယ်။
နောက်တစ်မျိုးကတော့ ငါးတွေက ပြန်ချိန်ရောက်လို့ ပြန်တော့မယ်။ ငါးတွေကိုပြချင်လို့ မပြန်နိုင်အောင် ပိုက်နဲ့တားကြလို့ လို့လည်း ပြောကြတာ ရှိပါတယ်။
နောက်ကြားဖူးတာတစ်ခုကတော့ အီကော်လော်ဂျီပြောင်းသွားလို့ မလာတာလို့ဆိုပါတယ်။ ချောင်းတွေကို ပိတ်ပြီး ဆည်တွေဆောက်တော့ မူလချောင်းရေထဲမှာပါတဲ့ ဓါတ်တွေ၊ အစားအစာတွေ ပြောင်းလဲမှုကြောင့်၊ နောက်ငါးတွေက ငါးကျွေးဆိပ်မှာ သဲတွေ ရွှံတွေကို သူတို့ဗိုက်တွေနဲ့ ပွတ်တိုက်ပြီး ကမ်းစပ်ထိလာလေ့ ရှိတယ်။ ငါးကျွေးဆိပ်ကို သမံတလင်းခင်းလိုက်တော့ သူတို့ဗိုက်တွေပွန်းပြီး နာနိုင်တယ်။ သူတို့သဘာဝ သူတို့ဖြစ်ချင်တဲ့ နေချင်တဲ့ ပုံစံတွေပြောင်းလဲမှုကြောင့် လို့ပြောပြပါတယ်။
ဘယ်အချက်တွေကြောင့် ငါးတွေ အရင်လိုမလာတာဆိုတဲ့အကြောင်းကိုတော့ တိတိကျကျ ရေးသားချက်ကိုတော့ ကျွန်တော်မတွေ့ဖူး သေးပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အရင်ကလိုတော့ မလာတော့တာပါ။ ကျွန်တော့်ကို လိုက်ပြောပြတဲ့ ကလေးမလေးကတော့ မလာတော့ဘူးလို့တော့ မပြောပါဘူး။ သုံးလေးကောင်ပဲ လာတယ်။ ဒါတောင် မနက်အစောကြီး ထကျွေးမှ တွေ့မယ်လို့ဆိုပါတယ်။
ကျွန်တော်လည်း ဘုရားဖူး၊ ကြည့်သင့်ကြည့်ထိုက်တာတွေကြည့် သိချင်တာတွေမေးပြီးသကာလ ကလေးမလေးကို မုန့်ဖိုးပေးပြီး ဇရပ်ဆီသို့ ပြန်လာခဲ့ပါတယ်။ အားလုံးက ပြန်ရအောင် အဆင်သင့် ဖြစ်နေကြပါပြီ။ နေ့လည် ၁နာရီခွဲလောက် ပြန်ထွက်လာခဲ့ပါတယ်။ နားနားနေနေမောင်းလာခဲ့ရာ မကွေးသို့ ညနေ ၃ နာရီလောက်မှာ ပြန်ရောက်ပါတယ်ဗျာ။
လမ်းမှာနားရင်းနဲ့ ဇရပ်နားက ရေအိုးစဉ်ကိုသမီးကြီးကကြည့်ပြီး ဖေဖေနဲ့အသက် အတူတူပဲလို့ ဆိုပြီးသကာလ ဓါတ်ပုံရိုက်ယူလာတာပါ။
No comments:
Post a Comment