13 July, 2010

Banned Sites ပိတ်ထားသော ဆိုဒ်များ

ဒီနေ့ ဘလော့လေးပြင်ဖို့လုပ်ရင်း ကြည့်လိုက်တော့ Blogspot ကိုပြန်ဖွင့်ပေးထားတာတွေ့ရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်စာအုပ်တွေဒေါင်းလုပ် လုပ်နေကြဆိုဒ်ဖြစ်တဲ့ 4shared.com ကိုဖွင့်ကြည့်တော့ ဒီအတိုင်းပဲရတယ်ဗျ။ ဘာအတွက်ပြန်ဖွင့်ပေးတာလဲတော့မသိဘူး။ ဘာအတွက်ပဲဖွင့်ပေး ဖွင့်ပေး ကျွန်တော်တို့အတွက်ကတော့ ကောင်းတယ်ဗျ။ နို့မို့ရင်ကျော်ရတာနဲ့တင် စာအုပ်တွေလည်း ဒေါင်းလို့မရ၊ ဘလော့ထဲလည်း ခက်ခက်ခဲခဲ ၀င်ရနဲ့ပါ။ ကျွန်တော်တို့သုံးတာ MPT iPStar ပါ။ ပြန်ဖွင့်ပေးတာကို ကြိုဆိုပါတယ်ဗျာ။

၁၄-၇-၂၀၁၀ နံနက် ၁၀ နာရီလောက်မှာ ပြန်ပိတ်သွားပါတယ်။ 

12 July, 2010

IMO 2010

သင်္ချာအိုလံပစ် ၂၀၁၀ ပြိုင်ပွဲ ၈ ရက်နေ့ကပြီးဆုံးသွားတဲ့နောက် ဘယ်သူတွေဘာတွေရသလဲလို့ စောင့်ကြည့်ရာ ဒီနေ့မှ စာရင်းတက်လာပါတယ်။ တစ်ဦးချင်အနေနဲ့ ပေါက်ဖော်ကြီးတို့ဆီက Zipei Nie က  အားလုံးမှန်ပြီး ၄၂ မှတ်ရပါတယ်။ အားလုံးမှန်တာ သူတစ်ယောက်ပဲရှိတာပါ။ အမေရိကန်က Evan O'Dorney က ၃၉ မှတ်၊ ဆားဗီးယားက Teodor von Burg က ၃၇ မှတ် အသီးသီးရကြပါတယ်။ အသေးစိတ်သိလိုပါက ဒီကနေသိနိုင်ပါတယ်။
http://www.imo-official.org/year_individual_r.aspx?year=2010&column=total&order=desc&gender=hide&nameform=western&language=en
သူတို့တွေရဲ့ဓါတ်ပုံကိုကြည့်ရတာ ပျော်စရာကြီးဗျာ။

photo from http://www.imo2010org.kz/

02 July, 2010

International Mathematical Olympiad 2010


 ၂၀၁၀ ခုနှစ် သင်္ချာအိုလံပစ်ပြိုင်ပွဲကို ဂျူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ Kazakhstan နိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေကတော့ အခုကတည်းက ရောက်နေကြပါပြီ။ မေးခွန်းအတွက် ကြိုပြင်ကြ၊ ပြိုင်ပွဲဝင်ဖို့ ပြင်ကြဆင်ကြနဲ့ အလုပ်အလွန်များနေကြမှာပါ။

သင်္ချာအိုလံပစ်ကို ကျွန်တော်တို့နိုင်ငံအနေနဲ့ တစ်ခါမှသွားပြိုင်ဖူးခြင်း မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ဆရာ ဒေါက်တာဇော်ဝင်း(ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာန၊ ပါမောက္ခ၊ ဌာနမှူး) နဲ့ ကျွန်တော် ရန်ကုန်မှာရှိတုန်းက စကားပြောဖြစ်ကြပါတယ်။ ဆရာက ကျွန်တော်တို့ဆီမှာလုပ်တဲ့ အိုလံပစ်အတွက် ကိစ္စတော်တော်များများ တာဝန်ယူထားသူပါ။ ကျွန်တော်တို့ဆီမှာ သင်္ချာအိုလံပစ်ပြိုင်ပွဲ(ဗဟိုအဆင့်)ကို တက္ကသိုလ်ဝင် စာမေးပွဲအပြီးမှာ ကျင်းပလေ့ရှိပါတယ်။ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် အပြီးမှာ ဗဟိုအဆင့်ပြိုင်ပွဲပါ။ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ၅ ယောက်စီ၊ တခြားတိုင်းနဲ့ ပြည်နယ်တွေက ၂ ယောက်စီ ပြိုင်ကြတာပါ။ ပထမနဲ့ ဒုတိယ နှစ်ယောက်ကိုတော့ အရှေ့တောင်အာရှပြိုင်ပွဲရှိရင် ဗမာနိုင်ငံ ကိုယ်စားပြုပြီး သွားပြိုင်ရပါတယ်။ အဲဒီပြိုင်ပွဲကလည်း ၂ ခါပဲလားမသိဘူး ဖြစ်လိုက်တာ။ ဒါတောင် တစ်နှစ်ခြားပါ။ ဘာဖြစ်လို့ အဲဒီလိုဖြစ်နေတာလည်းသိချင်လို့ စုံစမ်းတဲ့အခါ -

အဲဒီပြိုင်ပွဲအတွက် စပွန်ဆာပေးတဲ့ကုမ္မဏီက ဘာပြိုင်ပွဲအတွက်လို့ နာမည်မတတ်ဘဲ ကျောင်းကို စပွန်ဆာပေးပါတယ်။ မလေးရှားမှာနဲ့တူပါတယ်။ အဲဒီကျောင်းကလည်း သင်္ချာတစ်လှည့် Physics တစ်လှည့် ပြိုင်ပွဲလုပ်ပါတယ်။ အဲဒါကြောင့် တစ်နှစ်ခြားနေတာပါ။ အခုတော့ အဲဒီပြိုင်ပွဲသတင်းမကြားရတာတောင် ကြာပါပြီ။

30 June, 2010

World Cup 2010

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့ပါသည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်ပြီး၊ ၄သင်းတစ်အုပ်စုဖွဲ့ထားသဖြင့် အုပ်စု ၈ ခုရှိပါသည်။

28 June, 2010

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ခဲ့သည်မှာ အတော်ပင်ကြာလေပြီ။ ရှုံးထွက်တောင် တစ်ဝက်ကြိုးနေပီ။ အခုချိန်ထိ တစ်ပွဲမှအပြီးထိ မကြည့်ရသေး။ အလုပ်ကလည်းကြံဖန်ကိုများနေတာ။ တက္ကသိုလ်ဝင်တန်းကိစ္စ ကလည်း ပြီးမပြီးနိုင်ဘူး။ ဂျာနယ်ထုတ်ဖို့ကလည်း လုပ်ရတယ်။ ခဏနေ ကွန်ပျူတာသင်တန်းက စတော့မယ်။ ကျောင်းဖွင့်ပြီဆိုတော့ စာကပြေးသင်ရသေးတယ်။ ကိုယ်စိတ်ဝင်စားလို့ လုပ်ထားတဲ့ သုတေသနလေးတွေ လည်း အချိန်ခွဲပေး။ ကွာတားရောက်ရင်တော့ ပွဲတိုင်းကြည့်ဖြစ်အောင် ကြိုးစားမယ်။ ဘယ်အသင်း အားပေးသလဲဆိုရင်တော့ ဘရာဇီးပေါ့ဗျာ။ ခေါ်လာသင့်တဲ့သူတွေကို မခေါ်လာတဲ့ အသင်းတွေကို အားမပေးပါ။ ဥပမာ အာဂျင်တီးနား။ (ကမ်ဘီယာဆိုတို့ ဇနက်တီတို့ကိုမခေါ်ခဲ့ပါ)။ နည်းပြကလုပ်တိုင်း တင့်တယ်နေတယ်ဆိုရင် မဟုတ်သေးဘူးလေ။ အခုအချိန်မှစပြီး ဘောလုံးပွဲကြည့်နိုင်အောင် အိမ်ပြန်ပါဦးမည်။

ဘယ်သူမှားသလဲ

သမီးရည်းစားဖြစ်၊ လွန်လွန်ကျူးကျူးချစ်ခဲ့၊ လတ်တလောဖြစ်လာတဲ့ ပြသနာကို အရပ်လက်သည်နဲ့ရှင်းထုတ်ဖို့ ကြိုးစားရင်း အဆင်မပြေဖြစ်ကာ အသက်ပေးကြရ။ အသက်ကလေးတွေက ငယ်ငယ်လေးတွေပဲရှိသေးတာ။ လွန်လွန်ကျူးကျူးချစ် ကြတာကိုပဲ အပြစ်တင်ရမလား။ မလိုချင်တာ မရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အသိ ပျက်ကွက်ခဲ့တဲ့သူကိုပဲ အပြစ်တင်ရမလား။ အဆင်ပြေအောင် လုပ်မပေးနိုင်တဲ့ လက်သည်ကိုပဲ အပြစ်တင်ရမလား။ သေတဲ့သူ ကတော့သေရှာပြီ။ ကျန်ခဲ့တဲ့ကောင်လေးရော ဘယ်လမ်းဆက်လျှောက်မှာလဲ။ လောလောဆယ်တော့ အားပေးကူညီမှု့နဲ့ ရှင်းပေဦး။ စိတ်လေတယ်။

15 June, 2010

peek-a-boo

Post ခေါက်တာနဲ့ပတ်သက်ပြီး စမ်းဖူးပါတယ်။ .js ဖိုင်လေးကို ဟိုsite သွားတင်လိုက် ခဏနေ ဖျက်သွားလို့ ဒီsite သွားတင်လိုက်၊ တော်ကြာဖျက်သွားလိုက် သိပ်အဆင်မပြေကြပါဘူး။ နောက်ပိုင်း .js ကို အတင်ခံတဲ့ site လည်းတော်တော်နည်းလာပါတယ်။ အခု blogger မှာ အသစ်ထည့်ထားတဲ့ Insert jump break ကို စမ်းကြည့်မိပါတယ်။ သူလည်း Post ခေါက်နည်းတစ်မျိုးပဲလေ။


Google Voice

Google ဟာသူ့ရဲ့ service တွေကို ဆက်တိုက်ဆိုသလို တိုးချဲ့လုပ်ဆောင်လာခဲ့ပါတယ်။ ကျွန်တော်စသုံးတာ Google Mail ဖြစ်တဲ့ GMail ပေါ့ဗျာ။ အဲဒါပြီး သုံးဖြစ်တာ Google Wave နောက် Google Buzz တို့ပါ။ အခုနောက်ဆုံး သုံးရအောင်လုပ်တာ Google Voice ဖြစ်ပါတယ်။ သူ့ထုံးစံအတိုင်း limited ပေါ့ဗျာ။ သုံးချင်တဲ့ အကြောင်းလှမ်းအကြောင်းကြား၊ သူတို့က သုံးခွင့်ရရင် အကြောင်းပြန်ပါတယ်။ ကျွန်တော်လည်း အကြောင်းကြားတာပေါ့။ ဒီနေ့ mail တစ်စောင်ရောက်ပြီး သုံးခွင့်ရကြောင်း အကြောင်းပြန်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်အတွက် available မဖြစ်သေးဘူးလို့ဆိုပါတယ်။

10 June, 2010

သက်တန့်

ဒီနေ့ညနေ ၅ နာရီလောက် မကွေးတက္ကသိုလ်စာကြည့်တိုက် အပေါ်ထပ်က အင်တာနက်ခန်းသို့ သွားခဲ့ပါတယ်။ ၁၃ ရက်နေ့လောက် ၀န်ကြီးချုပ်လာမယ်ဆိုတော့ ပြင်ဆင်သင့်တာ ပြင်ဆင်ထားဖို့ပါ။ တစ်ကျောင်းလုံးလည်း အမှိုက်တွေရှင်း၊ ရှင်းပြီးသားအမှိုက်တွေ မီးရှို့လုပ်နေကြပါတယ်။ ကျွန်တော်တောင် သူတို့ကို နောက်လိုက်ပါသေးတယ်။ တစ်လတစ်ခါလောက် လာရင်ကောင်းမှာလို့၊ ဒါမှ ကျောင်းလည်း အမှိုက်တွေတော်တော်ရှင်း၊ မြို့ကသစ်ပင်တွေလည်း ထုံးဖွေးဖွေးနဲ့ဖြစ်နေမှာလို့။ စာကြည့်တိုက်ရောက်တော့ ကွန်ပျူတာတွေစစ်၊ ကွန်နက်ရှင်လေးဘာလေးစစ် လုပ်တာပေါ့ဗျာ။ စက်တွေကအားလုံး အဆင်ပြေပါတယ်။ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေ ပုံမှန်လာကိုင်နေတဲ့စက်တွေပဲ။ တစ်ခုခုဖြစ်ရင်လည်း စာကြည့်တိုက်က ကျွန်တော့်ဆီချက်ခြင်းဖုန်းဆက်လေ့ရှိပါတယ်။ တံခါးတွေပိတ်ထားတော့ လှောင်နေလို့ ကျွန်တော်လည်း ပြူတင်းပေါက်ဖွင့်ရင်း အပြင်ကိုကြည့်တော့ မိုးဖွဲဖွဲလေးရွာနေတယ်ဗျ။ ကောင်းကင် မော့ကြည့်တော့ သက်တန့်ကြီးဗျာ။ အကြီးကြီးပဲ။ လှလိုက်တာဗျာ။ ငယ်ငယ်တုန်းကတစ်ခါတစ်လေ မြင်ဖူးတဲ့သက်တန့်တွေထက် ကြီးတယ်ဗျ။ ဒီကြားထဲ သက်တန့် မမြင်တာ ကြာပါပြီဗျာ။ 

သက်တန့်ဆိုတာကလည်း ပေါ်ခဲတယ်လေဗျာ။ မိုးဖွဲဖွဲလေးရွာချိန် နေရောင်ရှိနေမှ ပေါ်တာပါ။ များသောအားဖြင့်က မိုးမှရွာပြီဆိုရင် နေရောင်ကမရှိတော့ဘူးလေဗျာ။ ဓါတ်ပုံရိုက်ထားချင်တာ။ ကင်မရာ ကကျန်ခဲ့သဗျာ။

09 June, 2010

Cholera ကာလ၀မ်း

ရန်ကုန်ကို ၄-၆-၂၀၁၀ နေ့ကကျောင်းကိစ္စနဲ့သွားတော့ နတ်တလင်းမှာတာဝန်ကျနေတဲ့ ညီမအိမ်ဝင် ထမင်းစားပါတယ်။ အမေပါအဲဒီမှာပါ။ အမေ့လက်ရာ မစားရတာကြာပါပီ။ စားလို့ကောင်းလိုက်တာဗျာ။ ညီမကတော့ အလုပ်ရှုပ်နေပါတယ်။ သူတို့ဆီမှာ ကာလ၀မ်းရောဂါပိုးတွေ့လို့တဲ့။ ပြည် ကိုသွား အစည်းဝေးတက်။ ဆေးရုံနဲ့ အိမ် ဟိုပြေးဒီပြေးနဲ့ ရှုပ်နေပါတယ်။ သေကြတာတောင်ရှိတယ်လို့ ကြားရပါတယ်။ ကာလ၀မ်းဆိုတာက ရိုးရိုးဝမ်းလျောတာနဲ့ မတူဘူးလေ။ ၂ ခါ ၃ ခါလောက် လျောပြီးလို့ ဆေးရုံပြေးမလာရင် အသက်ပါသွားဖို့ တော်တော်သေချာပါတယ်။ အားလုံးလည်း ဂရုစိုက်နိုင်ကြဖို့ post တင်လိုက်တာပါ။
အခုကြားရတဲ့ သတင်းအရ နတ်တလင်းမြို့မှာပဲ ဖြစ်တာလို့သိရပါတယ်။ ကာလ၀မ်းရောဂါအကြောင်း wiki မှာအောက်ပါလင့်ကတဆင့် သိနိုင်ပါတယ်။
http://en.wikipedia.org/wiki/Cholera